icon caret Arrow Down Arrow Left Arrow Right Arrow Up Line Camera icon set icon set Ellipsis icon set Facebook Favorite Globe Hamburger List Mail Map Marker Map Microphone Minus PDF Play Print RSS Search Share Trash Crisiswatch Alerts and Trends Box - 1080/761 Copy Twitter Video Camera  copyview Whatsapp Youtube
အွန်လိုင်းတိုက်ပွဲကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့ မြန်မာစစ်တပ်
အွန်လိုင်းတိုက်ပွဲကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့ မြန်မာစစ်တပ်
Protesters make the three-finger salute during a demonstration against the military coup in Yangon on 15 May 2021. STR / AFP
Report 314 / Asia

အွန်လိုင်းတိုက်ပွဲကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့ မြန်မာစစ်တပ်

ဖေဖော်ဝါရီစစ်အာဏာသိမ်းပွဲကို ဆန့်ကျင်မှုများအား ဖြိုခွင်းရန် မြန်မာစစ်တပ်သည် အင်တာနက်အသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းကြပ်မတ်နေပြီး လမ်းပေါ်ထွက်ဆန္ဒပြပွဲများကို ချေမှုန်းလျက်ရှိသည်။ နိုင်ငံခြားအစိုးရများနှင့် နည်းပညာကုမ္ပဏီများအနေဖြင့် မြန်မာပြည်အတွင်းက ပြည်သူအများ အွန်လိုင်းကို အနှောက်အယှက်မရှိ အသုံးပြုနိုင်အောင် နည်းလမ်းရှာဖွေ၍ ကူညီသင့်ပြီး အွန်လိုင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်ရာတွင် အသုံးပြုနိုင်သည့် နည်းပညာနှင့် စက်ကိရိယာများ မြန်မာစစ်တပ်ကို မရောင်းချရန် လိုအပ်သည်။

ပြဿနာအသစ်က ဘာလဲ - ဖေဖော်ဝါရီ၁ရက်၊ စစ်အာဏာသိမ်းပြီးနောက် ပထမဦးစွာ အင်တာနက်ပေါ်က လူမှုကွန်ရက်များကို ထိန်းချုပ်ခြင်း၊ ဥပဒေများကို ပြင်ဆင်ခြင်းနှင့် ညစဉ်အင်တာနက်ဖြတ်တောက်ခြင်းတို့ဖြင့် အင်တာနက်ဆက်သွယ်မှုကို ထိန်းချုပ်ရန် မြန်မာစစ်တပ်က ကြိုးပမ်းခဲ့သည်။ နောက်ပိုင်းတွင်မူ စစ်တပ်သည် အင်တာနတ်ဆက်သွယ်မှုအားလုံးနီးပါးကို ဖြတ်တောက်ခဲ့ပြီး အွန်လိုင်းဝန်ဆောင်မှုအချို့သာ အကန့်အသတ်ဖြင့် အသုံးပြုနိုင်သည့် ပြည်တွင်းသာဆက်သွယ်၍ရနိုင်ပြီး ပြင်ပကမ္ဘာနှင့်အဆက်ဖြတ်မည့် တစ်နိုင်ငံလုံးလွှမ်းခြုံသော အင်ထရာနက် (intranet)စနစ်ကို တည်ဆောက်ရန်ကြိုးပမ်းလာသည်။

ဘာကြောင့်ဖြစ်ခဲ့သလဲ - မြန်မာစစ်တပ်သည် အွန်လိုင်းပေါ်က တိုက်ပွဲတွင် အရေးနိမ့်နေပြီး ပြန်လည်ခုခံစရာ နည်းလမ်းအနည်းငယ်သာ ရှိနေခဲ့သည်။ ဖေ့စ်ဘွတ်ခ်မှဖယ်ရှားခံရသည့်အပြင် မြန်မာစစ်တပ်သည် အွန်လိုင်းတွင် အများပြည်သူကို လွှမ်းမိုးနိုင်မှု အကန့်အသတ်ဖြင့်ရှိနေချိန်တွင်မူ တက်ကြွလှုပ်ရှားသူများသည် လူမှုကွန်ရက်များ - အထူးသဖြင့် ဖေ့စ်ဘွတ်ခ်ကိုအသုံးပြု၍ ဆန္ဒပြပွဲများပြုလုပ်ရန် စီစဉ်ခြင်း၊ ပြည်သူများအကြား စစ်အာဏာရှင် ဆန့်ကျင်ရေးစိတ်ဓာတ်များ နိုးကြားတက်ကြွလာစေရန် လှုံ့ဆော်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်းတို့ကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သည်။ 

ဘာကြောင့် ဒီကိစ္စက အရေးကြီးသလဲ - ကြီးမားသော လူမှုစီးပွားအကျိုးဆက်များရှိသည့်တိုင် အင်တာနက်ကို ကန့်သတ်ပိတ်ပင်ခြင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် အကျပ်ရိုက်စရာဖြစ်ခဲ့သည်။ အထူးသဖြင့် လမ်းပေါ်ထွက်ဆန္ဒပြပွဲများစီစဉ်ရာတွင် ခက်ခဲသွားစေခဲ့သည်။ အာဏာသိမ်းမှုအလွန်တွင် အာဏာအရပ်ရပ် အခိုင်အမာတည်ဆောက်ရန် ကြိုးပမ်းသည့် မြန်မာစစ်တပ်အနေဖြင့် အင်တာနက်အသုံးပြုမှုကို ထိန်းချုပ်ရာတွင် မဟာဗျူဟာကျသော ရေရှည်စိန်ခေါ်မှုတစ်ရပ်ကို ကြုံတွေ့ရသည်။

ဘာလုပ်သင့်သလဲ - အထူးသဖြင့် Virtual Private Network (VPN)ဟုခေါ်ဆိုသည့် ပိတ်ပင်မှုများကျော်လွှားရန် အသုံးပြုရသော ဆက်သွယ်မှုကွန်ရက်များ လွတ်လပ်စွာအသုံးပြုနိုင်မှုကို အများပြည်သူ ပိုမိုလက်လှမ်းမီအောင် ချဲ့ထွင်ခြင်းဖြင့် နည်းပညာကုမ္ပဏီများသည် ပြည်တွင်းကအွန်လိုင်းအသိုက်အဝန်းကို တတ်နိုင်သမျှ ဖွင့်ဟထားပြီး လုံခြုံမှုရှိသော ရပ်ဝန်းတစ်ခုဖြစ်လာအောင် ကူညီပေးသင့်ပါသည်။ နိုင်ငံခြားအစိုးရများအနေဖြင့် အကောင်း၊​ အဆိုး ရည်ရွယ်ချက်နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်သော နည်းပညာဆော့ဖ်ဝဲများအပါအဝင် ပစ္စည်းကိရိယာများ စစ်တပ်အား ရောင်းချခြင်းကို တားဆီးပိတ်ပင်သင့်ပြီး ယင်းပိတ်ပင်မှုများကိုရှောင်လွှဲရန် ကြားခံပွဲစားကတစ်ဆင့် ရောင်းချခြင်းမျိုးကိုလည်း တင်းတင်းကျပ်ကျပ် တားမြစ်သင့်ပါသည်။

 
အစီရင်ခံစာ အနှစ်ချုပ်
 

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းချိန်မှစ၍ အွန်လိုင်းရပ်ဝန်းသည် ထောက်ခံသူများကို စည်းရုံးရေး၊ သတင်းအချက်အလက် မျှဝေရေးနှင့် တိုင်းပြည်တစ်ဝန်း ဖြစ်ပေါ်နေသည့် အခြေအနေများ မိမိလိုချင်သည့်အတိုင်း ပုံဖော်ရန်ကြိုးပမ်းခြင်းတို့ကို အပြိုင်အဆိုင်ပြုလုပ်ရန် အာဏာသိမ်းစစ်တပ်နှင့် ၎င်းကို ဆန့်ကျင်သူများအကြား စစ်မြေပြင်တစ်ခု ဖြစ်လာသည်။ အဆိုပါ အွန်လိုင်းတိုက်ပွဲသည် နှစ်ဦးနှစ်ဘက်လုံးအတွက် အသက်သမျှ အရေးပါခဲ့သည်။ စစ်တပ်အပေါ် လူထုက ကြီးစွာအမျက်သင့်မှု၊ အာဏာသိမ်းစစ်တပ်၏ နည်းပညာပိုင်းအားနည်းမှုနှင့် လူမှုကွန်ရက် မီဒီယာကုမ္ပဏီများ၏ မူဝါဒနှင့် ကန့်သတ်ချက်တို့ကြောင့် တပ်မတော်သည် အွန်လိုင်းတိုက်ပွဲတွင် အသာစီးမရဖြစ်နေခဲ့သည်။ ထို့ကြောင့် စစ်တပ်သည် ပထမဦးစွာ အင်တာနက်ကို ခေတ္တဖြတ်တောက်ပြီး ဝက်ဘ်ဆိုက်အချို့ကို ပိတ်ပင်ကာ အွန်လိုင်းတိုက်ပွဲတွင် အသာစီးရအောင် ကြိုးပမ်းခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ရာ နောက်ပိုင်းတွင် အင်တာနက်ကို ပိုမိုကျယ်ပြန့်စွာ ပိတ်ပင်ဖြတ်တောက်ခဲ့သဖြင့် မြန်မာပြည်အတွင်းက ပြည်သူအများသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်ကုန်သည်။ အုပ်ချုပ်မှုအာဏာ ခိုင်မာ၍ အသက်ဝင်လာအောင် ရုန်းကန်တည်ဆောက်နေရချိန်တွင် အွန်လိုင်းအသုံးပြုမှုကို ရေရှည်ထိန်းချုပ်နိုင်ရန် အလုပ်ဖြစ်သောမဟာဗျူဟာတစ်ရပ် အာဏာသိမ်းစစ်တပ်တွင် ရှိနေပုံမရပေ။ သို့ဖြစ်ရာ အင်တာနက် ကန့်သတ်၊ ဖြတ်တောက်မှုများမှာ ဆက်ရှိနေဦးမည်ဖြစ်သည်။ နိုင်ငံတကာ အစိုးရများနှင့် နည်းပညာကုမ္ပဏီများအနေဖြင့် ပြည်တွင်းက အင်တာနက်အသုံးပြုနိုင်သည့် လက်ရှိအခြေအနေကို ဖွင့်ဟထားရန်နှင့် အသုံးပြုသူများလုံခြုံမှုရှိအောင် တတ်နိုင်သမျှ ကူညီသင့်သည်။ တစ်ချိန်တည်းတွင် ဆန့်ကျင်ဘက်နိုင်ငံရေးလှုပ်ရှားသူများကို ဖိနှိပ်ရန်အသုံးပြုနိုင်သည့် နည်းပညာသုံး ပစ္စည်းကိရိယာများနှင့် ကွန်ပြူတာဆော့ဖ်ဝဲများ စစ်တပ်အား ရောင်းချမှုကို တားဆီးပိတ်ပင်သင့်သည်။

ဆက်သွယ်ရေးကဏ္ဍဖြေလျှော့မှုသည် ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့သည့် မြန်မာနိုင်ငံ၏ မြေစမ်းခရမ်းပျိုး ဒီမိုကရေစီစမ်းသပ်ကာလ၏ အအောင်မြင်ဆုံးပြယုဂ် တစ်ခုဖြစ်ခဲ့သည်။ ၂၀၁၀ပြည့်နှစ် အစောပိုင်းတွင် သမ္မတဟောင်းဦးသိန်းစိန်သည် နိုင်ငံပိုင်ဆက်သွယ်ရေးလုပ်ငန်း၏ ဈေးကွက်လက်ဝါးကြီးအုပ်မှုကို အဆုံးသတ်သည့်အနေဖြင့် ပြည်တွင်းတွင်လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်ပဆက်သွယ်ရေး အော်ပရေတာများအား ရဲဝံ့စွာဖိတ်ခေါ်ခဲ့သည်။ ၎င်းဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရသည် အင်တာနက်ဖြေလျှော့မှုအဖြစ် ယခင်ပိတ်ပင်ထားသည့် အွန်လိုင်းစာမျက်နှာများကို ပြန်ဖွင့်ပေးခဲ့ပြီး ဥပဒေအချို့ပြင်ဆင်ကာ မြန်မာနိုင်ငံကို ပြင်ပကမ္ဘာနှင့်ချိတ်ဆက်ပေးမည့် အင်တာနက်ဆက်သွယ်မှု ကွန်ရက်တံခါးများကို ဖွင့်လှစ်ခဲ့သည်။ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခဲ့ပြီး မိုဘိုင်းဖုန်းအသုံးပြုမှုသည် နှစ်အနည်းငယ်အတွင်း ၁၀ရာခိုင်နှုန်းဝန်းကျင်မှ ၁၀၀ရာခိုင်နှုန်းကျော်သို့ တဟုန်ထိုး ခုန်တက်သွားသည် (မိုဘိုင်းဖုန်းအသုံးပြုသူ အများအပြားသည် လူတစ်ဦးလျှင် SIM ကတ်တစ်ခုထက်ပို၍ ပိုင်ဆိုင်လာသည်)။ အရွယ်ရောက်ပြီး လူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်သည် မိုဘိုင်းအင်တာနက်ကို အသုံးပြုနိုင်လာသည်။ ဒစ်ဂျစ်တယ် နည်းပညာ တစ်ခေတ်ဆန်းလာခြင်းက နိုင်ငံအတွက် အရေးပါသော လူမှုစီးပွားအကျိုးကျေးဇူးများ ယူဆောင်လာသည့်အပြင် သတင်းမှားဖြန့်ဝေမှုနှင့် အမုန်းတရားလှုံ့ဆော်မှုတို့ကဲ့သို့ စိန်ခေါ်မှုများလည်း ရင်ဆိုင်ကြုံတွေ့လာရစေသည်။ အထူးသဖြင့် ၂၀၁၇တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစုအပေါ် တပ်မတော်က စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့စဉ်ကာလအတွင်း ၎င်းတို့အား လူအများမုန်းတီးလာအောင် အွန်လိုင်းစင်မြင့်ကို အသုံးပြုသည့် လှုံ့ဆော်မှုများမှာ အလွန်တရာ အကျည်းတန်ရုပ်ဆိုးခဲ့သည်။

စစ်အာဏာသိမ်းမှုကြောင့် အွန်လိုင်းလွတ်လပ်ခွင့် အကြီးအကျယ် ကန့်သတ်ခံလိုက်ရသော်လည်း အင်တာနက်လွတ်လပ်ခွင့်သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ၁ရက်မတိုင်မီကပင် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်သည်။ ၂၀၁၆တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) အစိုးရဖြစ်လာချိန်မှစ၍ အာဏာပိုင်များသည် လူမှုကွန်ရက်ပေါ်က ရေးသားချက်များကြောင့် အစိုးရကို ဝေဖန်သူများသာမက သာမန်လူမှုကွန်ရက်အသုံးပြုသူများကိုပင် ယေဘုယျဆန်သည့် အသရေဖျက်မှု ဥပဒေပြဋ္ဌာန်းချက်များဖြင့် တရားစွဲဆို၍ ထောင်သွင်းအကျဉ်းချခဲ့သည်။ စစ်တပ်က ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(အေအေအဖွဲ့)ကို တိုက်ခိုက်ချေမှုန်းခဲ့စဉ်က တပ်မတော်၏ တောင်းဆိုချက်အရ အင်န်အယ်လ်ဒီအစိုးရသည် အင်တာနက်စာမျက်နှာအချို့ကို ပိတ်ပင်ခဲ့ဖူးရုံမက တစ်ပြည်နယ်လုံးနီးပါး သိမ်းကျုံး၍လည်း အင်တာနက်ဖြတ်တောက်ခဲ့ဖူးသည်။ အာဏာသိမ်းမခံရမီက အရပ်သားအစိုးရသည် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းရန်ပင် ဥပဒေကြမ်းတစ်ခု ပြင်ဆင်ရေးဆွဲခဲ့သည်။ ဥပဒေကြမ်းအရ နည်းပညာကုမ္ပဏီများသည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို လက်ဝယ်သိုလှောင် သိမ်းဆည်းထားပြီး အာဏာပိုင်များတောင်းဆိုသည့်အခါတိုင်း လွှဲပြောင်းပေးရမည်ဖြစ်သည်။ ထို့ပြင် အရပ်သားအစိုးရသည် ဆက်သွယ်ရေးကုမ္ပဏီများထံမှ အသုံးပြုသူများ၏ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန်လည်း ကြိုးပမ်းခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်တွင် တပ်မတော်သည် အွန်လိုင်းဖိနှိပ်မှုများကို အလျင်အမြန် စတင်ခဲ့သည်။ အသုံးပြုသူများ၏ အချက်အလက်ကို ရယူရန်နှင့် လူသိများထင်ရှားသော စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုရန် ဥပဒေအချို့ကို စစ်တပ်ကပြင်ဆင်ခဲ့သည်။ ထို့ပြင် စစ်တပ်သည် မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများအား ဝက်ဘ်ဆိုက်အချို့နှင့် VPNကွန်ရက်များ (ကန့်သတ်ပိတ်ပင်မှုများကို ကျော်လွှားရာတွင် အသုံးပြုသည့်ကွန်ရက်များ)ကို နေ့စဉ်၊ ညွှန်ကြားချက်များပေးပို့၍ ပိတ်ဆို့စေခဲ့သည်။ သို့ဖြစ်ရာ အထက်ပါကန့်သတ်ချက်များကို ကြည့်ခြင်းအားဖြင့် သတင်းအချက်အလက်ပျံ့နှံ့မှုအပြင် လူထုသဘောထားအမြင်ကို လွှမ်းမိုးရာတွင် လူမှုကွန်ရက်မီဒီယာများ၏ အရေးပါပုံကို စစ်တပ်က ကောင်းမွန်စွာ နားလည်သဘောပေါက်ကြောင်း ပြသနေသည်။ စစ်အာဏာသိမ်းပြီး နာရီပိုင်းအတွင်းမှစ၍ နောက်ပိုင်းအချိန်များတွင် စစ်တပ်သည် ၎င်း၏ မဟာဗျူဟာကျသည့် ရည်မှန်းချက်များ အွန်လိုင်းပေါ်တွင် လူထုထောက်ခံမှုရအောင် ကြိုးပမ်းရာ၌ ရုန်းကန်ခဲ့ရသည်။

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ကန့်သတ်ရန်ကြိုးပမ်းသည့်တိုင် ဆန့်ကျင်ဘက်အင်အားစုများသည် အင်တာနက်ကိုအသုံးပြု၍ ၎င်းတို့၏ နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များကို လူထုထောက်ခံမှုရအောင် ကြိုးပမ်းခြင်း၊ ဆန္ဒပြပွဲများစီစဉ်ခြင်းနှင့် နိုင်ငံအတွင်းကအဖြစ်အပျက်များကို အချင်းချင်းဖြစ်စေ ကမ္ဘာသိအောင်ဖြစ်စေ သတင်းအချက်အလက်မျှဝေခြင်းတို့ကို လက်ရှိအချိန်အထိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းတို့ အဓိကအားထားသည်မှာ လုံခြုံရေးအရပိုမိုစိတ်ချရပြီး လျှို့ဝှက်ကုဒ် စနစ်သုံး စာတိုပို့ဆော့ဖ်ဝဲများ (Encrypted Messaging Apps)၊ ငွေပေးရန်မလိုသည့် VPN ဆော့ဖ်ဝဲများနှင့် ကန့်သတ်ပိတ်ပင်မှုကို ကျော်လွှားရန်အသုံးပြုရသည့်ဆော့ဖ်ဝဲကဲ့သို့ အများပြည်သူ အလွယ်တကူအသုံးပြုနိုင်ပြီး အခကြေးငွေမပေးရသည့် နည်းပညာများ ဖြစ်သည်။

စစ်တပ်ကမူ အင်တာနက်တစ်ခုလုံးနီးပါးကို ပိတ်ပင်လိုက်ခြင်းဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ စစ်တပ်၏ လုပ်ဆောင်ချက်သည် နည်းပညာပိုင်းအရအဆင့်မမြင့်သော်လည်း ကန့်သတ်ရမည့် နည်းနာနိဿယကို အခြေခံစဉ်းစားခဲ့ခြင်းဖြစ်ပြီး လိုချင်သည့်အခြေအနေတစ်ရပ်ရောက်အောင် အင်တာနက်ပိတ်ဆို့မှုကို တဖြည်းဖြည်း အရှိန်မြှင့်တင်ခဲ့သည်။ အင်တာနက်တစ်ခုလုံးကို ပိတ်ပင်မှုသည် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ အင်တာနက် ပိတ်လိုက်သဖြင့် နောက်ပိုင်းတွင် ဆန္ဒပြပွဲများပြုလုပ်ရန် စီစဉ်စုဝေးခြင်းနှင့် လှုပ်ရှားမှုများကိုချိန်းချက် ညှိနှိုင်းရာတွင် ပိုမိုခက်ခဲလာသည်။

သို့သော် အာဏာသိမ်းစစ်တပ်သည် ပြည်တွင်းလူသုံးများသည့် လူမှုကွန်ရက်မီဒီယာကုမ္ပဏီကြီးများ၏ မူဝါဒကဲ့သို့ ၎င်းတိုက်ရိုက်ထိန်းချုပ်နိုင်ခြင်းမရှိသည့် ပြင်ပဖိအားများနှင့် ထိပ်တိုက် ရင်ဆိုင်လာရသည်။ ၂၀၁၇တွင် အာဏာပိုင်များ၏ ရိုဟင်ဂျာဆန့်ကျင်မုန်းတီးရေးကာလအတွင်း လူမှုကွန်ရက်အသုံးပြု၍ လှုံ့ဆော်သည့်ဖြစ်စဉ်များကြောင့် မှတ်လောက်သားလောက်အောင် သင်ခန်းစာရခဲ့သဖြင့် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီသည် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တပ်နှင့်ဆက်နွှယ်သည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ အားလုံးနှင့် မြန်မာအစိုးရ၏ စာမျက်နှာအချို့ကို ဖယ်ရှားပစ်လိုက်သည်။ ယင်းသို့ဖယ်ရှားခံရခြင်းက တပ်မတော်အတွက် ဝါဒဖြန့်သတင်းစကားများထုတ်လွှင့်ရာတွင် အကြီးအကျယ် အကျပ်ရိုက်စရာ ဖြစ်ခဲ့သည်။ ထိုအခါ စစ်တပ်သည် မြန်မာနိုင်ငံအတွင်း လူသုံးသိပ်မများသည့် အင်တာနက် ဝက်ဘ်ဆိုက်နှင့် အခြားနည်းလမ်းများဖြင့် ၎င်းတို့ ပြောလိုသည်များကို ထုတ်လွှင့်ခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် စစ်သားများသည် ၎င်းတို့အသုံးပြု၍ရသော လူမှုကွန်ရက်မီဒီယာတစ်ခုအဖြစ် Tik Tok ကို တွေ့ရှိသွားဖွယ်ရှိသည်။ ထို့နောက် Tik Tok တွင် မြန်မာစစ်သားများသည် သေနတ်ကိုင်၍ ဆန္ဒပြသူများကိုပစ်သတ်ရန် ခြိမ်းခြောက်နေသော ရုပ်သံဖိုင်များ ဖန်တီးထုတ်လွှင့်ခဲ့ကြသည်။ အမှန်တွင် အဆိုပါ ရုပ်သံဖိုင်များမှာ Tik Tok၏ မူဝါဒများနှင့် ဆန့်ကျင်သော်လည်း Tik Tok ကုမ္ပဏီသည်​ ၎င်းတို့ကို ဖယ်ရှားရန် အစောပိုင်းတွင် နှေးကွေးနေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် Tik Tok သည် ၎င်း၏မူဝါဒနှင့် မကိုက်ညီသည့် ရုပ်သံဖိုင်အချို့ကို ဖယ်ရှားခဲ့သည်။ သို့တိုင် တပ်မတော်နှင့်ဆက်နွှယ်သည့် အကောင့်များကို လုံးဝဖယ်ရှားလိုက်သည်တော့ မဟုတ်ပေ။

အွန်လိုင်းပေါ်က ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရသည်မှာ ယခုအကြိမ်သည် တပ်မတော်အတွက် ပထမဆုံး တော့မဟုတ်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရက္ခိုင့်တပ်တော်(အေအေအဖွဲ့)သည် လူမှုကွန်ရက်နှင့် အခြားဆက်သွယ်ရေးနည်းပညာများ၏ အင်အားကို ကောင်းကောင်းအသုံးချ၍ တပ်မတော်ကို အထိအခိုက်၊ အကျအဆုံးများအောင် ထိရောက်ရောက် ခြိမ်းခြောက်၊ တိုက်ခိုက် နိုင်ခဲ့ဖူးသည်။ ယင်းသို့ကြုံတွေ့ရပြီးနောက် တပ်မတော်သည် အရပ်သားအစိုးရကို ဖိအားပေးကာ ဝက်ဘ်ဆိုက်အချို့ ပိတ်ပင်စေခဲ့ပြီး မြေပြင်လုံခြုံရေးအခြေအနေအကြောင်းပြ၍ အင်တာနက်ကို ဖြတ်တောက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ချက်များသည် ရက္ခိုင့်တပ်တော်၏ စစ်ဆင်ရေးများကို ဟန့်တားရာတွင် အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိခဲ့သည်။ သို့သော် အကျိုးဆက်အဖြစ် ရခိုင်ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်လုပ်ငန်းများ ထိခိုက်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီ ထောက်ပံ့ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကြီးမားသောကန့်သတ်ချက်များ ပေါ်ပေါက်ခဲ့သည်။ ထိုမျှမက ယင်းသို့ပိတ်ပင်ကန့်သတ်မှုကြောင့် ဒေသခံလူထု၏ တပ်မတော်အပေါ် ဆန့်ကျင်မှုသည် ပို၍ပင်အားကောင်းလာသည်။ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအလွန်တွင် ကန့်သတ်ထိန်းချုပ်မှု နည်းလမ်းဟောင်းများ ပြန်လည်အသုံးပြုလာသည်ကို ကြည့်ခြင်းအားဖြင့် မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများလျှော့ချပြီး လူမှုစီးပွားအခြေအနေများ မထိခိုက်စေဘဲ အင်တာနက်ကို ထိန်းချုပ်နိုင်မည့် အခြားနည်းဗျူဟာများ စစ်တပ်တွင် မရှိသေးသည်မှာ သိသာထင်ရှားလှသည်။

အတိုက်အခံလှုပ်ရှားမှုများကို အွန်လိုင်းပေါ်တွင်ဖိနှိပ်ရန် အင်တာနက်တစ်ခုလုံး ဖြတ်တောက်ခြင်းထက် ပို၍အဆင့်မြင့်သည့်နည်းလမ်းဖြင့် ပြောင်းလဲကန့်သတ်ထိန်းချုပ်ရန် ကြိုးပမ်းလျှင်လည်း မြန်မာစစ်တပ်သည် ကြီးမားသောစိန်ခေါ်မှုများ ကြုံတွေ့နိုင်သည်။ လက်ရှိအချိန်၌ တရုတ်ပြည်က “great firewall”ဟု လူသိများသော အင်တာနက်ပိတ်ပင်မှုနည်းပညာမျိုး ပြည်တွင်းတွင် ဖန်တီးထုတ်လုပ်ရန်မှာ စစ်တပ်တွင် ဘဏ္ဍာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များမရှိပေ။ “great firewall” နည်းပညာအရ တရုတ်အစိုးရက တရုတ်ပြည်မှ ပြင်ပကမ္ဘာသို့ အင်တာနက်ဆက်သွယ်မှုနှင့် အသုံးပြုသူများ ရေးသားဖန်တီးသည့် အကြောင်းအရာများကို အလွန်အမင်း တင်းကျပ်ထိန်းချုပ် ထားသည်။ သို့ဖြစ်ရာ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ပြီး ပြည်တွင်းတွင်သာ ကန့်သတ်အသုံးပြုနိုင်သည့် အင်ထရာနက် (intranet)ဟုခေါ်သော ပြည်တွင်းကွန်ရက်တစ်ခုကို စစ်တပ်က စတင်ဖန်တီးနေပြီ ဖြစ်သည်။ ပထမအဆင့်အဖြစ် မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုသူများသည် "whitelist" ဟုခေါ်သော စာရင်းတွင် ခွင့်ပြုထားသည့် အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် ယင်းသို့ဆောင်ရွက်ခြင်းဖြင့် စစ်တပ်သည် မရှိမဖြစ်အသုံးလိုသည့် ဝန်ဆောင်မှုအများစုကလွဲ၍ အခြားမည်သည့်ဝန်ဆောင်မှုကိုမျှ အများပြည်သူအား အသုံးပြုခွင့်ပေးနိုင်မည်မဟုတ်ဘဲ နိုင်ငံ့စီးပွားရေး အပေါ် ရှောင်လွဲမရနိုင်သော ကြီးမားသည့်သက်ရောက်မှု ဖြစ်ပေါ်စေမည်ဖြစ်သည်။ အာဏာသိမ်း စစ်တပ်သည် ပြင်ပအဖွဲ့အစည်း တစ်ခုခု၏အကူအညီဖြင့် အင်တာနက်ထိန်းချုပ်မှုနည်းပညာကို စွမ်းရည်မြှင့်တင်မည်ဆိုပါကလည်း ဖိနှိပ်မှုအတွက်သုံးသောနည်းပညာကို ထိန်းသိမ်းပြုပြင်ရန် လိုအပ်သော မြန်မာနိုင်ငံသားပညာရှင်များ ခေါ်ယူငှားရမ်းရေးမှာ ပြည်တွင်းကန့်ကွက်မှုများကြောင့် အခက်အခဲတစ်ခု ဖြစ်နိုင်သည်။ ထို့ပြင် နည်းပညာနှင့်ရင်းနှီးကျွမ်းဝင်သော အင်တာနက် အသုံးပြုသူ များသည် ပြည်တွင်းသုံးအင်ထရာနက် (Intranet)၏ အားနည်းချက်များကို အသုံးချပြီး ပြင်ပကမ္ဘာသို့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်သည့် နည်းလမ်းများလည်း တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားနိုင်သည်။

ဤသို့ဆိုသော်ငြားလည်း နည်းပညာကုမ္ပဏီများနှင့် နိုင်ငံခြားအစိုးရများသည် စစ်တပ်က ပြည်တွင်းတွင် အင်တာနက်ထိန်းချုပ်ရန်ကြိုးပမ်းမှုနှင့် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကို ဖိနှိပ်ရန်အားထုတ်မှုများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မကူညီမိစေရန်အထူးဂရုပြုရမည်ဖြစ်သည်။ အာဏာသိမ်းမှု မတိုင်ခင်ကပင် စစ်တပ်နှင့် အရပ်သားအစိုးရလက်အောက်က အစိုးရအဖွဲ့အစည်းများသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် လုပ်ငန်းအများစုပါဝင်သော နိုင်ငံခြားကုမ္ပဏီများထံမှ နည်းပညာ အမျိုးမျိုးရယူ၍ လူမှုကွန်ရက်ကို စောင့်ကြည့်ရန်၊ ဆက်သွယ်ရေးသုံးကိရိယာများကို ကာယကံရှင် ဆန္ဒမပါဘဲ ချိုးဖောက်ဝင်ရောက်ရန်၊ ဖျက်ပြီးသားအချက်အလက်များကို ပြန်လည်ရယူရန်နှင့် ပြည်သူလူထုကို စောင့်ကြည့်ရန် ကြိုးပမ်းခဲ့ဖူးသည်။ ဆိုခဲ့ပါနည်းပညာများသည် လက်ရှိအချိန်တွင် စစ်တပ်၏ထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားပြီဖြစ်ရာ စစ်တပ်က ၎င်းကိုဆန့်ကျင်သည့် နိုင်ငံရေး လှုပ်ရှားမှုများအား ဖိနှိပ်ရန် အသုံးပြုလာနိုင်သည်။ စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်လုပ်ခွင့် မရနိုင်အောင် ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားအစိုးရများသည် စစ်တပ်အား လက်နက်တင်ပို့ ရောင်းချမှုကို တားမြစ်ကန့်သတ်သင့်ပါသည်။ ထိုသို့မဟုတ်ပါကလည်း နိုင်ငံရေးအရ ဆန့်ကျင်ဘက် အသံများကို ဖိနှိပ်ရန်အသုံးပြုနိုင်သော "dual-use" ပစ္စည်းကိရိယာများ (အကောင်း၊ အဆိုး ရည်ရွယ်ချက်နှစ်ခုလုံးအတွက် အသုံးပြုနိုင်သည့် စက်ကိရိယာများ)၊ ဆော့ဖ်ဝဲများ၊ နည်းပညာများ အပါအဝင် ပိုမိုကျယ်ပြန့်သည့် လက်နက်ရောင်းချမှုပိတ်ပင်မှုကို ပြုလုပ်သင့်ပါသည်။ တားမြစ်ထားသည့် ပိတ်ပင်မှုများ တိတိကျကျ အာဏာသက်ရောက်မှုရှိစေရန် ကြားခံပွဲစားများက တစ်ဆင့် အဆိုပါ နည်းပညာနှင့် ကိရိယာများ ရောင်းချမှုမရှိအောင်လည်း တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထိန်းချုပ်သင့်ပါသည်။

နည်းပညာကုမ္ပဏီများနှင့် နိုင်ငံခြားအစိုးရများသည် အင်တာနက် လွတ်လပ်စွာအသုံးပြုမှုနှင့် အသုံးပြုသူများ၏လုံခြုံရေး ပိုမိုအားကောင်းစေရန် ကျယ်ကျယ်ပြန့်ပြန့် ကူညီပေးနိုင်ပါသည်။ လူမှုကွန်ရက်အသုံးပြုသူများသည် ၎င်းတို့ဖန်တီး၊ မျှဝေသည့် အကြောင်းအရာများကြောင့်ပင် စစ်တပ်၏ ပစ်မှတ်ထားဖမ်းဆီးမှု ပိုမိုကြုံတွေ့လာရသည်။ ယခုလိုအချိန်တွင် နည်းပညာကုမ္ပဏီများနှင့် နိုင်ငံခြားအစိုးရများသည် လုံခြုံစွာအွန်လိုင်းအသုံးပြုရန် ဗဟုသုတရဖွယ် အချက်အလက်များ၊ အသုံးပြုပုံ နည်းလမ်းကိရိယာများကို မြန်မာပြည်အတွင်းက လူမှုကွန်ရက်အသုံးပြုသူများ လွယ်လင့်တကူ လက်လှမ်းမီအောင် ပြုလုပ်ခြင်းဖြင့် ကူညီပေးနိုင်ပေသည်။ ထို့ပြင် တက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်၏စောင့်ကြည့်ခံရနိုင်ခြေမြင့်မားသူများ လုံခြုံစိတ်ချရသော VPNs ကွန်ရက်များ အခမဲ့အသုံးပြုခွင့်ရရှိအောင်လည်း လုပ်ဆောင်ပေးသင့်ပါသည်။ မကြာသေးမီက အဖြစ်အပျက်များနှင့် ယခင်အွန်လိုင်းအသုံးပြုမှုမှတ်တမ်းများကြောင့် လူမှုကွန်ရက်များပေါ်က တပ်မတော်နှင့် စစ်သားများ၏ အွန်လိုင်းအသုံးပြုမှုကိုလည်း သက်ဆိုင်ရာ လူမှုကွန်ရက်ကုမ္ပဏီများက အစဉ်တစိုက် စောင့်ကြည့်နေသင့်သည်။ 

ရန်ကုန်/ဘရပ်ဆဲလ်

၂၀၂၁ခုနှစ်၊ မေလ၊ ၁၈ရက်။