Karenni Nationalities Defence Force and Kareni Army at a checkpoint near Demoso, in Myanmar's eastern Kayah state, 19 October 2021. STR / AFP
Report / Asia 20+ minutes

အာဏာသိမ်းမှုကြောင့် လှုပ်ခတ်သွားသော မြန်မာနိုင်ငံက တိုင်းရင်းသားအရေးပဋိပက္ခ

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်ကို ပစ်ခတ်တိုက်ခိုက်တော်လှန်နေသော ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများအပြားသည် အာဏာသိမ်းမှုကို ရှုထောင့်အမျိုးမျိုးမှနေ၍ ချဉ်းကပ်ခဲ့ကြသည်။ အချို့အဖွဲ့အစည်းများက စင်ပြိုင်အစိုးရကို အကူအညီပေးနေသလို အချို့ကမူ စင်ပြိုင်အစိုးရနှင့် ခပ်ကင်းကင်းနေသည်။ ပြည်တွင်း မငြိမ်မသက်မှုများသည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်တည်ရှိနေမည်ဖြစ်ရာ အကူအညီပေးရေးအလှူရှင်အဖွဲ့အစည်းများအနေဖြင့် အရပ်သားများအပေါ် သက်ရောက်နိုင်သည့် ပြည်တွင်းစစ်၏ ဆိုးကျိုးများကို လျော့ပါးသက်သာအောင် လုပ်ဆောင်ရာတွင် အာရုံစိုက်သင့်ပါသည်။

အဓိကရှာဖွေတွေ့ရှိချက်များ

ပြဿနာအသစ်က ဘာလဲ - ၂၀၂၁၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုသည် အသေအကြေများသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အရှိန်မြှင့်တင်လိုက်ပြီဖြစ်သည်။ ဤတွင် ဆယ်စုနှစ်တစ်ခုစာ သက်တမ်းရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ပါဝင်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း နိဌိတံသွားပြီဖြစ်သည်။ တပ်မတော်သည် လက်ရှိတွင် အသစ်ပေါက်ဖွားလာသော ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ တစ်ကျော့ပြန် ခေါင်းထောင်လာသော ရန်သူအဖွဲ့အစည်းများနှင့် ရင်ဆိုင်တိုက်ခိုက်နေရပြီဖြစ်သည်။ ယင်းအဖွဲ့အစည်းများအနက် အချို့သည် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုတစ်ခု တည်ဆောက်မည်ဆိုသောအမြော်အမြင်ကိုအခြေခံ၍ ညီညွတ်မှု ရယူထားသည်။

ဘာကြောင့်ဒီပြဿနာက အရေးပါသလဲ - ယခင်ကတည်းက အသက်ငင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ယခုတွင် ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်ရာ အာဏာသိမ်းစစ်တပ်သည် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အာဏာသိမ်းမှုဆန့်ကျင်သည့်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိစေရန် နည်းလမ်းပေါင်းစုံသုံး၍ ဖိအားပေး အကြပ်ကိုင်ပေလိမ့်မည်။ (တပ်မတော်ရော၊ အာဏာသိမ်းမှုဆန့်ကျင်သည့်အင်အားစုများ) နှစ်ဘက်လုံးက ကစားပွဲကို အချိန်တိုအတွင်း အနိုင်၊ အရှုံး ပေါ်အောင် အဆုံးအဖြတ်ပေးနိုင်သည့် အခြေအနေတွင်မရှိရာ ရေရှည်တွင် လက်နက်ကိုင် ပဋိပက္ခသည် ပြည်သူလူထုအပေါ် အလွန်ကြီးမားသော ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

ဘာလုပ်သင့်သလဲ - အလှူရှင်များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီခြင်းမှ ပဋိပက္ခ ဒေသအတွင်းက ပြည်သူများကို ကူညီသင့်ပါသည်။ နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အသစ်အသစ်သောအပစ်အခတ်ရပ်စဲမှု သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် ဖိအားပေးမှုမျိုးကို ရှောင်ကြဉ်သင့်ပါသည်။ ထို့ပြင် စင်ပြိုင်အစိုးရအပါအဝင် အခြားစစ်အာဏာသိမ်းမှုဆန့်ကျင်သော အဖွဲ့အစည်းများနှင့်လည်း ထိတွေ့ဆက်ဆံသင့်ပြီး လိုအပ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် ဒေသခံအရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း လက်တွဲလုပ်ဆောင်သင့်ပါသည်။

အစီရင်ခံစာအနှစ်ချုပ်

၂၀၂၁၊ ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်၏ လုပ်ရပ်သည် နိုင်ငံအတွင်းက ပဋိပက္ခအခင်းအကျင်းကို ရုတ်ချည်းပြောင်းလဲလိုက်သည်။ အာဏာသိမ်းမှုသည် ဆယ်စုနှစ်တစ်ခုစာ ရှည်ကြာခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိဂုံးချုပ်ပစ်ခဲ့ပြီး အသစ်အသစ်သော ပဋိပက္ခ စစ်မီးပွားများကို ပွင့်ထွက်လာစေခဲ့သည်။​ အာဏာသိမ်းမှုအလွန်တွင် မျက်နှာသစ်လက်နက်ကိုင်တပ်ဖွဲ့ အမြောက်အမြား ထွက်ပေါ်လာခဲ့ပြီး ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ၎င်းတို့၏ လက်နက်များတစ်ဖန်စွဲကိုင်၍ တော်လှန်မှုစစ်ပွဲများ ပြန်လည်စတင်လိုက်ကြသည်။ ဆယ်စုနှစ်များစွာ ငြိမ်းချမ်း၍ ပဋိပက္ခအပူမီးဟပ်ခြင်းမှ လွတ်ကင်းနေခဲ့သော နယ်မြေများတွင်လည်း ရက်စက်ပြင်းထန်သော တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသည်။ အာဏာသိမ်းမှုဆန့်ကျင်သော အင်အားစုတစ်ခုဖြစ်သည့် အမျိုးသားညီညွတ်ရေး (NUG) အစိုးရသည် အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းမျိုးစုံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်။ ယင်းသို့ကြိုးပမ်းမှုကြောင့် ရလဒ်အမျိုးမျိုးထွက်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများစုသည် အာဏာသိမ်းစစ်တပ်ကို ရန်သူသဖွယ် ဆက်ဆံလေ့ရှိသော်လည်း စစ်တပ်သည် အလွယ်တကူ ပြိုလဲသွားလိမ့်မည်မဟုတ်ဟု ရှုမြင်ကြသည်။ ယခုချိန်မတိုင်ခင်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုများနှင့် ခိုင်မာသော မဟာမိတ် တည်ဆောက်ရန် ဝန်လေးနေခဲ့ကြသည်။ စစ်မျက်နှာပြင်သစ် အများအပြား ထွက်ပေါ်လာသဖြင့် ရှိရင်းစွဲစစ်အင်အား အလွန်အကျူး ဖြန့်ကြက်ထားရသော မြန်မာစစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် နှစ်ဘက်သဘောတူညီချက်များ ရယူခြင်းဖြင့် ၎င်းတို့၏ တပ်အင်အားကို ပြန်လည်စုစည်းရန် ကြိုးပမ်းပေလိမ့်မည်။ ယင်းမှာ ယခင်အစဉ်အဆက် စစ်တပ်က ကျင့်သုံးလာသည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။ လက်ရှိအခြေအနေတွင် လက်နက်ကိုင် ပဋိပက္ခသည် အချိန်ကာလ ပိုမိုရှည်ကြာနိုင်သည်ဖြစ်ရာ မအောင်မြင်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ပံ့ခဲ့သော နိုင်ငံတကာအလှူရှင်များအနေဖြင့် ယခုချိန်တွင် ၎င်းတို့၏ လုပ်ငန်းဦးတည်ချက်များကို ပြောင်းလဲ သင့်ပါသည်။ ၎င်းတို့သည် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများကြောင့် ဒေသခံ လူ့အသိုင်းအဝိုင်းအပေါ် ကျရောက်မည့် ဆိုးကျိုးများ လျော့ပါးသက်သာစေရန် ကူညီသင့်ပါသည်။

စစ်အာဏာသိမ်းမှုအလွန် အဦးဆုံးသော ရက်သတ္တပတ်များမှစ၍ ယခုချိန်အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အာဏာသိမ်းစစ်တပ်နှင့် ဆန့်ကျင်ဘက် နိုင်ငံရေးအင်အားစုများ အကြား အားပြိုင်မှုများတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့ကြသည်။ တိုင်းရင်းသား အဖွဲ့အစည်းများသည် စစ်အာဏာသိမ်းမှုကို နည်းလမ်းမျိုးစုံဖြင့် ချဉ်းကပ်တုံ့ပြန်ခဲ့ကြသည်။ ဤတွင် အချက်သုံးချက်ကို အခြေခံသည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ သမိုင်းကြောင်း၊ ၎င်းတို့အခြေပြုလှုပ်ရှားရာ တည်နေရာ၊ ပထဝီဝင်အနေအထားနှင့် နောက်ဆုံးအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာမြောက် စစ်ရေးနိုင်ငံရေး ဦးတည်ချက်များတို့ ဖြစ်ကြသည်။ အချို့အဖွဲ့များသည် စည်းရိုးခွထိုင်ကြပြီး အချို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများနှင့် လုံးဝဥဿုံ အဆက်အဆံမရှိခဲ့ပေ။ အချို့ အဖွဲ့များကမူ လိုက်လံဖမ်းဆီးခံရသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်တပ်ဆန့်ကျင်သူများကို ခိုလှုံခွင့်ပေးရုံမက ပြန်လည်တိုက်ခိုက်လိုသူများကိုလည်း စစ်သင်တန်းများပေးခဲ့သည့်အပြင် NUG အစိုးရနှင့်လည်း နိုင်ငံရေးအရ ဆက်ဆံသည်။ အဖွဲ့အစည်းအတော်များများတွင် NUG အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုထံမှလာသော ဖိအားနှင့် ပဋိပက္ခ ရှေ့အလားအလာအပေါ် မိမိကိုယ်ပိုင် လက်တွေ့ကျကျ သုံးသပ်ဆင်ခြင်မှုတို့အကြား မျှခြေတည်ဆောက်နိုင်ရေးအတွက် ရုန်းကန်လျက်ရှိကြသည်။ ယင်းကြောင့်ပင် အဖွဲ့အစည်းအချို့တွင် အတွင်းသဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး အဖွဲ့ဝင်များကြား ရှေ့နောက်မညီသော သဘောထားများ လူသိရှင်ကြား ထွက်ပေါ်လာသည်။

၂၀၂၀၊ နိုဝင်ဘာရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အာဏာသိမ်းမှုအလွန်တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ၎င်းတင်မြှောက်သော စင်ပြိုင် - NUG အစိုးရတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ရေးနှင့် နိုင်ငံရေး မဟာမိတ်ပြုရန် ကြိုးပမ်းခဲ့သည်။ ယင်းသို့ကြိုးပမ်းရာတွင် ၎င်းတို့သည် တိုင်းရင်းသားမျိုးနွယ်စု အစုံအလင်ပါဝင်သည့် အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ စစ်တပ်ရေးဆွဲသော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းနှင့် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရေးအတွက် ပဋိညာဉ်အသစ် ရေးဆွဲ အသက်သွင်းရေး စသည့် အရေးပါသော အချက်အချို့ကို လိုက်လျော၍ အပေးအယူလုပ်ခဲ့သည်။ ယင်းသို့လိုက်လျောရသည်မှာ တိုင်းရင်းသားများ လိုလားတောင့်တပြီး နှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တော်လှန်၍ ကြိုးပမ်းခဲ့သော ဖက်ဒရယ်စနစ်တည်ဆောက်ရေးအတွက် ယခုအချိန်သည် အခွင့်အခါသင့် အချိန်ကာလဖြစ်သည်ဟု စည်းရုံးသိမ်းသွင်းခြင်းလည်းဖြစ်သည်။ အရေးအကြီးဆုံးအချက်တစ်ခုက စစ်အာဏာသိမ်းမှုကြောင့် လူများစုဗမာများ၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူနည်းစု တိုင်းရင်းသားများအပေါ် ထားရှိသော သဘောထားပြောင်းလဲသွားခြင်းဖြစ်သည်။ ပိုမိုမျှတသော အာဏာခွဲဝေပေးရန် တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို လူများစုဗမာများ၏ ရှုမြင်ချက် ယခင်နှင့်မတူ ပြောင်းလဲသွားခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ စစ်တပ်၏ ဝါဒမှိုင်းတိုက် အာဘော်များတွင် တိုင်းရင်းသားနှင့်လူနည်းစုများသည် မြန်မာ့နိုင်ငံရေး ပြဿနာများ၏ အဓိက အကြောင်းရင်းခံအဖြစ် ပုံဖော်ခဲ့သည်။ သို့သော် ယခုတွင်မူ အာဏာသိမ်းစစ်တပ်ကို ဒေါသထွက်သည့် လူများစုဗမာများသည် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အခွင့်အရေး၊ နစ်နာချက်များအတွက် တောင်းဆိုမှု များကို ပို၍ကရုဏာသက်မိလာကြသည်။

အာဏာသိမ်းစစ်တပ်ကို အန်တုရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ အဖွဲ့အစည်းအများအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ NUG အစိုးရနှင့်အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ပြီး အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာပြင်များ တစ်ပြိုင်နက် ဖွင့်လှစ်တိုက်ခိုက်သည့် အနေအထားမျိုး ယခုချိန်တွင် လက်တွေ့ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ မတူကွဲပြားသည့် သဘောသဘာဝနှင့် ၎င်းတို့အကြား သမိုင်းကြောင်းတစ်လျှောက် အားပြိုင်မှုများကြောင့် ဖြစ်သည်။ ယင်းသို့ရှိသည့်တိုင် တိုင်းရင်းသား လက်နက်ကိုင် အနည်းဆုံးလေးဖွဲ့ခန့်သည် စင်ပြိုင်အစိုးရအတွက် အရေးပါလှသည့် မိတ်ဖက်များအဖြစ် ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် ဒါဇင်ဝက်ခန့်အရေအတွက်ရှိသည့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများ ကလည်း NUGအစိုးရနှင့် အတိုင်းအတာတစ်ခုအထိ ဆက်ဆံရေးတည်ဆောက်လာကြသည်။ စင်ပြိုင်အစိုးရနှင့် လက်တွဲခြင်းက ၎င်းတို့အတွက် အလွန်တရာမှ စွန့်စားရာကျသည်ဟု ဆိုနိုင်သည်။ ပြည်သူလူထု၏ သဘောထား အမြင်များကြောင့် စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရန်လိုအပ်လာ၍ စွန့်စားရခြင်းဖြစ်သကဲ့သို့ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ပေါ်ပေါက်လာသော အခွင့်အရေးကို ရယူခြင်းလည်းဖြစ်နိုင်သည်။ အတိတ်ဆိုးမွေသဖွယ်ကျန်ရစ်နေသည့် ၎င်းတို့အပေါ် မယုံကြည်မှုကြောင့် CRPH/NUG အဖွဲ့များသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုများနှင့် အနီးကပ်ဆက်ဆံရေးရှိသည့် အဖွဲ့အစည်းများနှင့် ပြောဆိုဆက်သွယ်ရာတွင်လည်း ၎င်းတို့၏ ယုံကြည်မှုရရန် ရုန်းကန်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများကို အရေးပါသည့် ကူညီထောက်ပံ့မှုများ ပေးအပ်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပင်လျှင် စင်ပြိုင်အစိုးရကို တရားဝင်ပုံစံထက် အလွတ်သဘောမျိုး ဆက်ဆံကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု မိမိကိုယ်ကိုရည်ညွှန်းသည့် အာဏာသိမ်းစစ်တပ်သည်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းလာခဲ့သည်။ သို့သော် ယင်းကြိုးပမ်းမှုများအတွက် ဦးတည်ချက်နှစ်ခုသာ ရှိသည်။ အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့အကြား လက်ရှိအချိန်တွင် တတ်နိုင်သမျှ တိုက်ပွဲများ မဖြစ်ပွားစေရေးနှင့် အဆိုပါတိုင်းရင်းသားအဖွဲ့အစည်းများနှင့် NUGအစိုးရအကြား တရားဝင်မဟာမိတ် စုဖွဲ့မှုမျိုး ဖြစ်မလာစေရေးတို့ဖြစ်သည်။ အကယ်၍ ၎င်းတို့အကြား တိုက်ပွဲများရှောင်ရှားနိုင်ရန် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုသာ စည်းရုံးသိမ်းသွင်းနိုင်လျှင် အာဏာသိမ်းစစ်တပ်သည် NUG အစိုးရကိုသစ္စာခံသော လက်နက်ကိုင်တပ်ဖွဲ့များကို ချေမှုန်းရေးအတွက် ပိုမိုအာရုံစိုက်နိုင်မည် ဖြစ်သည်။ အာဏာသိမ်းမှုအလွန်တွင် အရေအတွက်ရာနှင့်ချီပြီး NUG အစိုးရကို သစ္စာခံသော လက်နက်ကိုင်တပ်ဖွဲ့များ လူများစု ဗမာများနေထိုင်ရာ ဒေသများတွင် အပြိုင်းအရိုင်း ထွက်ပေါ်ခဲ့သည်။ အာဏာသိမ်း စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဦးတည်၍ သက်တမ်းငါးလရှိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး အဖွဲ့အချို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးထားသည်။

၂၀၁၆မှစသည့် တရားဝင်ဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားသဖြင့် လက်ရှိအာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားအဖွဲ့အစည်းများကို စစ်မှန်သော နိုင်ငံရေး အပြောင်းအလဲအတွက် ပေးနိုင်သည့် ကတိကဝတ်က များများစားစား မရှိလှချေ။ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် စစ်မှန်သော ဖက်ဒရယ်နိုင်ငံရေးစနစ်ကို လက်ခံနိုင်ဖွယ် မရှိသည်ကို တိုင်းရင်းသားခေါင်းဆောင်များက ကောင်းကောင်းကြီး နားလည်ထားကြသည်။ သို့တိုင် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့လိုချင်သည့် အခြေအနေရရှိအောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စီးပွားရေးအခွင့်အလမ်းများဖြင့် တိုင်းရင်းသား ခေါင်းဆောင်များကို မက်လုံးပေးစွဲဆောင်နိုင်သကဲ့သို့ စစ်အင်အားသုံး တိုက်ခိုက်ဖြိုခွင်းမည်ဟုလည်း ခြိမ်းခြောက်နိုင်သေးသည်။ စစ်တပ်သည် ၎င်း၏ ရန်သူများအကြား စည်းလုံးမှုပျက်ပြားစေရန် မက်လုံးပေးစည်းရုံးသည့်ဗျူဟာကို ယခင်အတိတ်၊ အထူးသဖြင့် ၁၉၉၀ပြည့်လွန်နှစ်များတွင်  ကြိမ်ဖန်များစွာ အသုံးပြုခဲ့သည်။ သို့သော် ယနေ့ခတ်တွင် ယင်းဗျူဟာသည် ထင်သလောက်အလုပ်မဖြစ်နိုင်တော့ပေ။ အထူးသဖြင့် အာဏာသိမ်းစစ်တပ်နှင့် ဆွေးနွေးညှိနှိုင်းပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အများပြည်သူ၏ ပြစ်တင် ဝေဖန်မှု မလွဲမသွေခံရမည်ဖြစ်သည်။

တပ်မတော်ရော စစ်တပ်ဆန့်ကျင်ရေးအင်အားစုများကပါ တစ်ဘက်ကိုတစ်ဘက် အပြုတ်တိုက် ချေမှုန်းနိုင်သည့် အလားအလာမရှိရာ မြန်မာနိုင်ငံသည် ကာလအတန်ရှည်ကြာ၍ ပိုမိုပြင်းထန်သော ပဋိပက္ခမျိုး ကြုံတွေ့လာရဖွယ်ရှိသည်။ အဆင်မပြေမှုအချို့ ရှိခဲ့သည့်တိုင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများသည် တဖြည်းဖြည်း အင်အားကြီးထွားလာနေသည်။ NUG အစိုးရနှင့် ခပ်ကင်းကင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပင်လျှင် စစ်တပ်၏ စစ်ရေး အင်အား ပြန့်ကျဲနေသည့် အခြေအနေကို အခွင့်ကောင်းယူလျက် နယ်မြေသစ်များချဲ့ထွင်ခြင်း သို့မဟုတ် ၎င်းတို့၏ဩဇာအာဏာလွှမ်းမိုးမှုစက်ဝန်း တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ အကယ်၍ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်နေသည့် အင်အားစုများသာ ပို၍အားကောင်းလာပါက ခြံစည်းရိုးခွထိုင် နေသောအဖွဲ့များသည် CRPH/NUG အစိုးရတို့နှင့် လက်တွဲလာဖွယ်ရှိပြီး၊ ၎င်းတို့သာ ပူးပေါင်းလာပါက စစ်တပ်ကိုတိုက်ခိုက်သည့်အင်အားစုများ ပိုမိုအားကောင်းလာမည်ဖြစ်သည်။

လက်ရှိပဋိပက္ခအခင်းအကျင်းတွင် နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများအနေဖြင့် ပဋိပက္ခလျှော့ချရန် ပါဝင်ပတ်သက်နိုင်သည့် အခွင့်အလမ်းက အနည်းငယ်သာရှိနေသည်။ သို့သော် လူများစုဗမာများနှင့် တိုင်းရင်းသားလူနည်းစုများအကြား ဆက်ဆံရေးကို ပြောင်းလဲပစ် နိုင်စွမ်းရှိပြီး ပဋိပက္ခဒဏ်ကိုလည်း လျော့ပါးသက်သာစေသည့် နည်းလမ်းများ၊ အကူအညီများကို နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ပေးနိုင်ပါသေးသည်။ ဦးစွာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက စတင်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပျက်ပြယ်သွားပြီဆိုသည်ကို လက်ခံရမည်ဖြစ်သည်။ အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ပံ့ခဲ့သည့် အလှူရှင်များအနေဖြင့် ယခုချိန်တွင် ပဋိပက္ခကြောင့် အကူအညီ လိုအပ်သည့်နေရာများကို အရေးပေါ်ထောက်ပံ့ငွေများ အလျင်အမြန်ဖြန့်ဝေခြင်းဖြင့် ပြည်သူများ စစ်ဒဏ်ခံရမှု သက်သာလျော့ပါးစေရန် ဆောင်ရွက်နိုင်ပါသည်။ နေရာအနှံ့အပြားသို့ သွားရောက်ရန်မှာ အခက်အခဲရှိနေရာ အလှူရှင်များသည် ၎င်းတို့ကိုယ်စားမြေပြင်တွင် အလုပ်လုပ်ပေးမည့် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် ဆက်ဆံသင့်ပါသည်။ ဒေသခံ အဖွဲ့အစည်းများ မနိုင်ဝန်ထမ်းသည့် အဖြစ်မျိုးမှရှောင်ရှားရန် စီမံခန့်ခွဲရေးလိုအပ်ချက်များကို အနိမ့်ဆုံးအဆင့်ထိ လျှော့ချခြင်းဖြင့် လုပ်ငန်းသဘောအရ ပြုလွယ်ပြင်လွယ်ရှိမှု ပြသရန်လိုအပ်ပါသည်။ ထို့ပြင် အလှူရှင်များသည် CRPH/NUG အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားက နိုင်ငံရေးဆွေးနွေးမှုများ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုရန်လိုအပ်ပြီး ၎င်းတို့အကြား ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကဲ့သို့ နှစ်ဘက်အတူတကွ လုပ်ကိုင်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ကူညီထောက်ပံ့ပေးသင့်ပါသည်။

ရန်ကုန်/ ဘန်ကောက်/ ဘရပ်ဆဲလ်စ် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ၊ ၁၂ရက်။

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.