လူထုအလှူ - အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကျားကန်ပေးနေသည့် ဘဏ္ဍာရေးလက်တံများ
လူထုအလှူ - အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကျားကန်ပေးနေသည့် ဘဏ္ဍာရေးလက်တံများ
This photo taken on July 6, 2021 shows members of the Karenni People Defense Force (KPDF) taking part in military training at their camp near Demoso in Kayah state. STR / AFP
Report / Asia 20+ minutes

လူထုအလှူ - အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကျားကန်ပေးနေသည့် ဘဏ္ဍာရေးလက်တံများ

အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်သော အင်အားစုများသည် လွန်ခဲ့သည့် ၁၈လအတွင်း စစ်တပ်ဆန့်ကျင်ရေးအတွက် အများပြည်သူလှူဒါန်းထည့်ဝင်သော တော်လှန်ရေးရန်ပုံငွေများ အောင်မြင်စွာရှာဖွေနိုင်ခဲ့သည်။ သို့တိုင် စစ်တပ်ကလည်း ၎င်း၏ ရန်သူများထံသို့ ထည့်ဝင်လှူဒါန်းငွေများ မဝင်ရောက်နိုင်အောင် နည်းလမ်းပေါင်းစုံသုံး၍ ကြိုးပမ်းနေသည်။ ရန်ပုံငွေရှာဖွေသည့် အင်အားစုများအနေဖြင့် ထည့်ဝင်လှူဒါန်းသူ ပြည်သူများကို စစ်တပ်က ရန်ပြုဖမ်းဆီးခြင်းမှ အကာအကွယ်ပေးနိုင်မည့် နည်းလမ်းများရှာဖွေသင့်သလို နိုင်ငံတကာအလှူရှင်များအနေဖြင့် ပဋိပက္ခဒဏ်သင့် အရပ်သားပြည်သူအများကို ကူညီရန် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲသင့်ပါသည်။

အကြောင်းအရာအသစ်ကဘာလဲ

မြန်မာစစ်တပ်နှင့် ၎င်းကို ဆန့်ကျင်တော်လှန်နေသည့် အင်အားစုတို့သည် တစ်ဘက်နှင့်တစ်ဘက် ဝင်ငွေစီးဆင်းမှုကို ဖြတ်တောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မိမိထံသို့ စီးဝင်ငွေကို တိုးမြှင့်အောင် ပြိုင်ဆိုင်လျက်ရှိကြသည်။ အာဏာရှင်တော်လှန်ရေး အင်အားစုများသည် သမားရိုးကျ နည်းလမ်းများအပြင် စစ်တပ်၏ပိတ်ဆို့တားမြစ်မှုများကို ကျော်ဖြတ်ရန် နည်းပညာအသစ်အဆန်းများကို အသုံးပြုလာကြသည်။

ဘာကြောင့်ဒီအကြောင်းအရာက အရေးပါတာလဲ

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခ၏ ရှေ့အလားအလာ၊ အခင်းအကျင်းကို ကြီးကြီးမားမား သက်ရောက်မည့် အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ အာဏာသိမ်းစစ်တပ်ထံတွင် ဘဏ္ဍာရေးအရံငွေနှင့် ဓနအင်အား မည်မျှကျန်ရှိသနည်းဆိုသည့်အချက်နှင့် ဒုတိယအချက်မှာ စစ်တပ်ဆန့်ကျင်သည့် တော်လှန်ရေး အင်အားစုများက လှူဒါန်းမှု၊ ရန်ပုံငွေမည်မျှ ရှာဖွေနုိင်သနည်းဆိုသည့် အချက်များပင်ဖြစ်သည်။ စစ်တပ်က ၎င်းကိုဆန့်ကျင်သည့်အင်အားစုများ၏ ရန်ပုံငွေစီးဝင်မှု လမ်းကြောင်းကို တင်းကျပ်ရာတွင် လူသားချင်း စာနာမှုကူညီရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကိုလည်း တစ်ပါတည်း ကန့်သတ်မှုများဖြင့် ထိန်းချုပ်ခဲ့သည်။ အကျိုးအဆက်အနေဖြင့် နိုင်ငံအတွင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်ရှိ အကျပ်အတည်းကို ပိုမိုဆိုးရွားစေတော့သည်။

ဘာတွေလုပ်သင့်သလဲ

အာဏာသိမ်းစစ်တပ်ဆန့်ကျင်ရေးအဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေးရန်ပုံငွေထည့်ဝင်သူတို့၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရာတွင် ပိုမိုထိရောက်စေသည့် နည်းပညာများလက်ဝယ်ရှိရေး ကျွမ်းကျင်သူများထံမှ အကြံဉာဏ် ရယူသင့်သည်။ လက်ရှိတွင် လူသားချင်းစာနာမှုအကူအညီများ ပေးပို့မှုရာတွင် ကြုံတွေ့ရသည့် အခက်အခဲများမှာ ပို၍များပြားလာလျက်ရှိရာ အလှူရှင်အဖွဲ့များသည် ဒေသန္တရအဖွဲ့အစည်းများ၊ မိတ်ဖက်များနှင့် တိုက်ရိုက်လက်တွဲ၍ အတူတကွ အလုပ်လုပ်သင့်ပါသည်။ ၎င်းတို့အတွက် ဝန်ပိုဖြစ်စေနိုင်သည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ပါက ပို၍ပင် အလုပ်တွင်နိုင်သည်

အနှစ်ချုပ်

၂၀၂၁၊ ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုကစ၍ ဘဏ္ဍာရန်ပုံငွေ အလုံအလောက်ရရှိရေးမှာ စစ်တပ်အတွက် သာမက ၎င်းကိုဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများအတွက်ပါ အဓိကခေါင်းခဲစရာ ဖြစ်ခဲ့သည်။ ရန်သူ့ရန်ပုံငွေကို ဖြတ်တောက်ပြီး မိမိ၏ ဘဏ္ဍာရေးတောင့်တင်းခိုင်မာအောင် နှစ်ဘက်စလုံးက ကြိုးပမ်းခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်သည် နိုင်ငံ့အုပ်ချုပ်ရေးယန္တရားကို စီမံခွင့်ရှိသူပီပီ ၎င်းတွင် အားသာချက်ရှိသည်။ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုဘက်ကလည်း ၎င်းတို့တွင် ရှိနေသည့် အားသာချက်များကို အမိအရနင်းပြီး နည်းလမ်းမျိုးစုံသုံးကာ လူတန်းစားအလွှာအသီးသီးပါဝင်သည့် ရန်ပုံငွေရှာဖွေခဲ့ကြသည်။ ဆန်းသစ်သည့် အွန်လိုင်းအခြေပြု ရန်ပုံငွေရှာဖွေမှုများကြောင့် နည်းလမ်းပေါင်းစုံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ထောက်ပံ့ပေးနိုင်သည့် လုံလောက်သောဘဏ္ဍာငွေများ ရှာဖွေနိုင်ခဲ့သည်။ ရရှိလာသည့် ရန်ပုံငွေပမာဏမှာ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချနိုင်လောက်အောင် မများပြားသော်လည်း စစ်တပ်သည် ယင်းရန်ပုံငွေများစီးဝင်မှုကို လုံးဝဥဿုံ ဖြတ်တောက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ပဋိပက္ခ၏ ရှေ့အလားအလာသည် အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများ မည်သည့်အချိန်အထိ ထည့်ဝင်လှူဒါန်းငွေများ စဉ်ဆက်မပြတ်ရရှိအောင် စွမ်းဆောင်နိုင်မည်လဲဆိုသည့် အချက်နှင့် ရန်ပုံငွေအသစ်များ မည်မျှရှာဖွေနိုင်မည်လဲဆိုသည်တို့တွင် မူတည်နေသည်။ ဤနေရာတွင် ပုံမှန်ထည့်ဝင်လှူဒါန်းသည့် ပြည်သူများကို စစ်တပ်ရန်မှ အကာအကွယ်ပေးရန် လိုအပ်သည်။ အထူးသဖြင့် သတင်းအချက်အလက်လုံခြုံရေးအတွက် အကြံဉာဏ်များကို နည်းပညာကျွမ်းကျင်သူများထံမှ အကူအညီတောင်းခံသင့်သည်။ တစ်ချိန်တည်းတွင် ၎င်းကိုဆန့်ကျင်သောအင်အားစုများကို ဦးတည်သည့် စစ်တပ်၏ ငွေကြေးစီးဝင်မှုအပေါ် တင်းကျပ် ကန့်သတ်မှုများက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို အကြီးအကျယ်ထိခိုက်စေသည်ကတော့ အမှန်ပင်။ နိုင်ငံတကာအလှူရှင်များသည် ပဋိပက္ခဒဏ်သင့်ပြည်သူလူထုထံသို့ စာနာထောက်ထားမှု အကူအညီများ ရောက်ရှိအောင် ဒေသန္တရလူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သင့်ပါသည်။

အာဏာသိမ်းမှုအလွန်မြန်မာပြည်အတွင်းက အခင်းအကျင်းသည် ပဋိပက္ခအတွင်းပါဝင်ပတ်သက်သူများ အနေဖြင့် အင်တာနက်ကို လက်နက်တစ်ခုသဖွယ် မည်သို့အသုံးချနိုင်သည်ကို ပုံပမာပေးရန် အကောင်းဆုံး သာဓက ဖြစ်နေသည်။ အင်တာနက်ကို လက်နက်သဖွယ်အသုံးပြုခြင်းသည် ကမ္ဘာတစ်ဝှမ်း ခေတ်စားလာသည့် ခေတ်ရေစီးကြောင်းတစ်ခုလည်း ဖြစ်လာသည်။ အလွန်ခက်ခဲသည့် အခြေနေများကိုပင် အံတုလျက် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများသည် စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် ရန်ပုံငွေ ခန့်မှန်းအားဖြင့် ဒေါ်လာသန်းရာချီ ရှာဖွေနိုင်ခဲ့ကြသည်။ ဤမျှ များပြားလှသော ရန်ပုံငွေ လှူဒါန်းမှုများတွင် ပြည်ပရောက်မြန်မာများ၏ တစ်ဦးချင်းစီ ထည့်ဝင်မှုက အဓိကကျပြီး ရန်ပုံငွေများကို တော်လှန်ရေးအင်အားစုများထံသို့ လွှဲပြောင်းနိုင်ခြင်းမှာ အကြောင်းအရာ နှစ်ခုကြောင့်ဖြစ်သည်။ ပထမအချက်မှာ မြန်မာ့ဒစ်ဂျစ်တယ်တော်လှန်ရေးဖြစ်ပြီး ဒုတိယအချက်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ငွေကြေးဝန်ဆောင်မှုကဏ္ဍကို ဗဟိုချုပ်ကိုင်ခြင်းမှ ဖြေလျှော့ခြင်းဖြစ်သည်။ ယင်းအရွေ့နှစ်ခုကြောင့် မြန်မာပြည်အတွင်းက လူအများသည်​ ရန်ပုံငွေရှာဖွေခြင်း၊ ရရှိလာသည့် ရန်ပုံငွေကို လွှဲပြောင်းခြင်းတို့အတွက် နည်းလမ်းသစ်များ ရှာဖွေတွေ့ရှိလာကြပြီး ယင်းနည်းလမ်းများကို အားသာချက်တစ်ခုအဖြစ် အသုံးချနိုင်လာကြသည်။

အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်းက အာဏာသိမ်းစစ်တပ်အား ဘဏ္ဍာရေးအရ ချိနဲ့အောင် လှုံ့ဆော်တိုက်တွန်းရာတွင် အလွန်ထိရောက်ခဲ့သည်။ သို့တိုင် လှုပ်ရှားမှုတိုင်းက လိုချင်သည့်ရလဒ်နှင့် မဟုတ်ပေ။ လျှပ်စစ်မီတာဘေလ်ဆောင်ရန် ငြင်းဆန်ခြင်းနှင့် စစ်တပ်ထုတ်ကုန်များ (ဥပမာ - ဘီယာ)ကို အားမပေးခြင်း စသည့် အများပြည်သူပါဝင်သော သပိတ်မှောက် လှုပ်ရှားမှုများက တစ်ခဲနက်အောင်မြင်မှု ရရှိခဲ့သည်။ သို့သော် စစ်တပ်ကို အဓိကပစ်မှတ်ထားသော လှုပ်ရှားမှုအချို့က သက်ရောက်မှုအနည်းငယ်သာ (သို့မဟုတ်) တန်ပြန်ဆိုးကျိုးသက်ရောက်မှုပင် ဖြစ်ပေါ်စေခဲ့သည်။ ဥပမာအားဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ဦးဆောင်သည့် ပြင်သစ်ရေနံကုမ္ပဏီ Total ကို မြန်မာပြည်မှထွက်ခွာရန် ဖိအားပေးတောင်ဆိုမှုမျိုးဖြစ်သည်။ အဆုံးတွင် အဆိုပါလှုပ်ရှားမှုကြောင့် Total ကုမ္ပဏီမြန်မာပြည်က ထွက်ခွာခဲ့ရာ လက်ရှိလည်ပတ်ဆဲ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများရှိ ၎င်း၏ပိုင်ဆိုင်မှုရှယ်ရာများကို နိုင်ငံပိုင်ကုမ္ပဏီမှတစ်ဆင့် စစ်ကောင်စီ လက်ထဲသို့ပင် ပြန်လည် လွှဲပြောင်းခဲ့ရာ အာဏာသိမ်းစစ်တပ်အတွက် အကျိုးအမြတ်များ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံရှိ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများသည် ရန်ပုံငွေအမြောက်အများ ရှဖွေနိုင်စွမ်း ရှိသော်လည်း အခြားနိုင်ငံများရှိ ဗဟိုချုပ်ကိုင်မှုလျော့နည်းသည့် လက်နက်ကိုင်ပုန်ကန်မှုများကဲ့သို့ပင် ဘဏ္ဍာငွေများကို လိုအပ်သည့်နေရာများသို့ အရောက်ပို့ဆောင်ရေးမှာ အခက်အခဲတစ်ရပ်ဖြစ်နေသည်။ ခေတ်နောက်ကျနေပြီ ဖြစ်သည့် စောင့်ကြည့်ရေးယန္တရားများကို အသုံးပြုသည့်တိုင် အာဏာသိမ်း စစ်တပ်သည် ဆန့်ကျင်ဘက် အင်အားစုများ တရားဝင်ဘဏ်လုပ်ငန်းစနစ်ကို အသုံးမပြုနိုင်အောင် တားမြစ်နိုင်ခဲ့သည်။ ထို့ပြင် ပြည်တွင်းနေ လူအများစုက အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများသို့ ငွေမလှူရဲအောင် ဖမ်းဆီးမှုများဖြင့် အကြောက်တရားပင် သွတ်သွင်းနိုင်ခဲ့သည်။ စင်ပြိုင်အစိုးရတစ်ရပ် ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ သည်လည်း နိုင်ငံတကာဘဏ်စနစ်ကို အသုံးပြု၍ ဘဏ္ဍာရန်ပုံငွေများ လွှဲပြောင်းရာတွင် စိန်ခေါ်မှုအချို့ ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့များငွေကြေးထောက်ပံ့မှု (နိုင်ငံတကာအသိုင်းအဝိုင်းက သတ်မှတ်သည့်ကိစ္စရပ်များ) ကို စောင့်ကြည့်၊ ထိန်းချုပ်၊ တားမြစ်ရန် နိုင်ငံတကာဘဏ်စနစ်၏ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် တစ်ခါတစ်ရံ ငြိစွန်းလေ့ရှိသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါအခက်အခဲကို ရှောင်လွှဲရန် အမျိုးသားညီညွတ်ရေးအစိုးရသည် cryptocurrency နှင့် blockchain ကဲ့သို့ ငွေကြေးဆိုင်ရာ နည်းပညာအသစ်များကို အသုံးပြုလာသော်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုမှုမရှိသေးပေ။ များသောအားဖြင့် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများသည် စစ်တပ်၏ ဘဏ်လုပ်ငန်းတင်းကျပ်မှုများကို ကျော်ခွရန် တရားမဝင်ငွေလွှဲဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိကြသည်။

လက်ရှိအနေအထားတွင် အာဏာသိမ်းစစ်တပ်သည် စစ်တပ်တော်လှန်ရေးအင်အားစုထက်စာလျှင် ဓနအင်အား အလွန်တောင့်တင်းသည်ဟု ဆိုနိုင်သည်။ ယင်းသို့ဆိုရခြင်းမှာ အကြောင်းအရင်းနှစ်ခုကြောင့် ဖြစ်သည်။ ဦးစွာစစ်တပ်သည် ဗဟိုဘဏ်နှင့် နိုင်ငံပိုင်အက်ဆက် (state assets - မရွှေ့မပြောင်းနိုင်သော နိုင်ငံပိုင်ပစ္စည်းများ)ကို ထိန်းချုပ်ထားသည်။ ထို့ပြင် စစ်တပ်သည် ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို စိတ်ကြိုက်အုပ်စိုးချယ်လှယ်ခွင့် ရှိနေသည်။ သို့တိုင် စစ်တပ်သည် နိုင်ငံ့စီးပွားရေးတည်ငြိမ်အောင် မထိန်းချုပ်နိုင်ဘဲ ရုန်းကန်လျက်ရှိသည်နိုင်ငံ့စီးပွားရေး မတည်မငြိမ်ဖြစ်ရသည်မှာ စစ်အာဏာသိမ်းမှုကို ပြည်တွင်းနေလူထုက မနှစ်မြို့ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရိုက်ခတ်မှုနှင့် အာဏာသိမ်းစစ်ကောင်စီ၏ လွဲမှားသည့် စီးပွားစီမံခန့်ခွဲမှုများ ကြောင့်ပင်ဖြစ်သည်။ မူဝါဒအလွဲများတွင် ငွေလုံးငွေရင်းစီးဆင်းမှုကို တင်းကျပ်စွာ ထိန်းချုပ်ခြင်း၊ သွင်းကုန်များကို ကန့်သတ်ခြင်းနှင့် ငွေလဲနှုန်းကို ပုံသေသတ်မှတ်ခြင်းတို့ ပါဝင်သည်။ ယင်းမူဝါဒအလွဲများကြောင့် စီးပွားရေးစနစ်အပေါ် လူအများယုံကြည်မှုကျဆင်းခဲ့ပြီး တရားမဝင်ငွေလွှဲလုပ်ငန်းများ ပြန်လည်ထွန်းကားလာသည်။ အဆိုပါတရားမဝင်ငွေလွှဲလုပ်ငန်းများကမူ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများအတွက် ပြည်တွင်းသို့ တိုက်ရိုက်ငွေလွှဲရန် လမ်းကြောင်းတစ်ခု ဖြစ်လာသည်။

ပဋိပက္ခ၏ ရှေ့အလားအလာမည်သို့ဖြစ်လာမည်ကို အဆုံးအဖြတ်ပေးနိုင်သည်က နှစ်ဘက်စလုံးက ဘဏ္ဍာရေးအင်အား မည်မျှတောင့်တင်းအောင် တည်ဆောက်နိုင်မည်လဲဆိုသည့်အပေါ်တွင် မူတည်နေသည်။ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများထံသို့ ငွေကြေးနှင့် အခြားထောက်ပံ့မှုများ စီးဆင်းနေမှု ဖြတ်တောက်ရန် အပြင်းအထန်ကြိုးပမ်းသော်လည်း စစ်တပ်က ရပ်တန့်နိုင်ခြင်းငှာ မစွမ်းသာပေ။ ယင်းသို့ဖြစ်ရခြင်းမှာ စစ်ကောင်စီက ထိန်းချုပ်နိုင်စွမ်းမရှိသည့် တရားမဝင်ငွေလွှဲလုပ်ငန်းများ မှိုလိုပေါက် ပေါများနေခြင်းကြောင့် ဖြစ်သည်။ တစ်ဘက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် အခြားစစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများက အာဏာသိမ်းစစ်တပ်ကို လက်ရှိအနေအထားတွင်ပင် အပြုတ်တိုက်နိုင်မည့်ပုံ မပေါ်သေးရာ များမကြာမီတွင် ၎င်းတို့ကို ရန်ပုံငွေထည့်ဝင်လှူဒါန်းနေသည့် ပြည်ပရောက်မြန်မာများတွင် စိတ်ကုန် လက်ပန်းကျသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။ လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရသည် ဆန်းသစ်တီထွင်သည့် နည်းလမ်းများအသုံးပြု၍ တော်လှန်ရေးရန်ပုံငွေ ရှာဖွေနိုင်သေးသည်။ သို့တိုင် ထည့်ဝင်လှူဒါန်းသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုရှိရေးစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြင်ပကျွမ်းကျင်သူများထံမှ အကြံဉာဏ်ရယူပါက ရန်ပုံငွေ ရှာေဖွရေးတွင် လွန်စွာအထောက်အကူပြုနိုင်သည်။ ယင်းသို့လုံခြုံမှုရှိမှလည်း ထည့်ဝင်သူများ စစ်တပ်ရန်ကို ကြောက်ရန်မလိုဘဲ ဆက်လက်လှူဒါန်းနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်ထိ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများထံသို့ ငွေကြေးစီးဆင်းမှုကို နိုင်ငံခြားအစိုးရများက ပိတ်ပင်တားဆီးမည့် အရိပ်အယောင် မပြသေးပေ။ တားမြစ်ပိတ်ပင်ရန်လည်း မကျိုးပမ်းသင့်ပေ။ နိုင်ငံတကာအစိုးရများသည် စစ်တပ်ဆန့်ကျင်ရေးအင်အားစုများကို လက်နက်နှင့် ငွေကြေးထောက်ပံ့ရန် ယခုအထိ လက်တွန့်နေကြဆဲဖြစ်သည်။ သို့သော် ပြည်ပရောက်မြန်မာများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ထည့်ဝင်လှူဒါန်းမှုများကို ကန့်သတ်မည်ဆိုပါက လက်သင့်ခံနိုင်ဖွယ်မရှိသည့် လုပ်ရပ်ဖြစ်ပေလိမ့်မည်။ ထိုသို့တားမြစ်ပိတ်ပင်မှုများ ပြုလုပ်ပါက မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်ပဋိပက္ခသည် ဒေသအချို့တွင် လျော့ကျသွားကောင်း လျော့ကျသွားနိုင်သော်လည်း အပြီးတိုင်ချုပ်ငြိမ်းသွားလိမ့်မည်ဟု မည်သူကမျှ အာမခံနိုင်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ စစ်တပ်က ၎င်းကိုဆန့်ကျင်သည့်အင်အားစုများကိုသာမက ထိုအင်အားစုများကို ကူညီသည့် မည်သည့်အရပ်သားကိုမဆို အပြစ်ပေး၊ အရေးယူလိမ့်မည်ဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ပုံငွေများကို ကန့်သတ်၊ ပိတ်ပင်၊ တားဆီးခြင်းသည် စစ်အာဏာသိမ်းမှုကို မနှစ်မြို့ရုံမက ထိုအာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏တုံ့ပြန်မှုအား ဒေါသထွက်နေသည့် မြန်မာပြည်သူများ၏ နာကျည်းချက်များကို အနာပေါ်တုတ်ကျသကဲ့သို့ ပိုမိုဆိုးရွားစေနိုင်ပါသည်။ ယင်းသို့ကန့်သတ်ပိတ်ပင်ခြင်းသည် ရန်သူများကို နှိမ်နင်းသည့်ခေါင်းစဉ်အောက်က နေ့စဉ်ရက်ဆက် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေသည့် တရားမဝင်အာဏာသိမ်းစစ်တပ်အား သွယ်ဝိုက်ကူညီသကဲ့သို့ပင် ဖြစ်ေစနိုင်သည်။ ထို့ပြင် ထိုသို့တားမြစ်ခြင်းက မြန်မာနိုင်ငံအတွင်းရှိ မည်သည့်တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခကိုမျှ ဖြေရှင်းရာ မရောက်ပေ။ ယင်းအစား စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပို၍ပင် အငြိုးတေးထားကာ တိုက်ခိုက်နိုင်သေးသည်။ စစ်လက်နက်ပစ္စည်းများ မထောက်ပံ့ပေးသည့်တိုင် နိုင်ငံတကာအစိုးရများအနေဖြင့် ပြည်ပရောက်မြန်မာများကို ယင်းသို့ရန်ပုံငွေများ လွတ်လွတ်လပ်လပ် ထည့်ဝင်လှူဒါန်းစေခြင်းဖြင့် အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသနိုင်ပေသည်။

စစ်တပ်နှင့် ၎င်းကိုတော်လှန်သူများအကြား တိုက်ပွဲများကြောင့် အသက်ဘေးကယ်ဆယ်ရေးအတွက် အရေးကြီးသော လူသားချင်းစာနာမှုအကူအညီများ သယ်ယူပို့ဆောင်ရေးမှာလည်း နှောင့်နှေးရသည်။ လူသားချင်းစာနာမှုအကူအညီများ တော်လှန်ရေးအဖွဲ့များလက်ထဲ ရောက်ရှိသွားမည်ကို အစိုးရိမ်လွန်သဖြင့် အာဏာသိမ်းစစ်ကောင်စီသည် ပြည်တွင်းသို့ ဝင်ရောက်လာသည့် ငွေကြေးလွှဲပြောင်းမှုအားလုံးကို အနီးကပ်စောင့်ကြည့်နေသည်။ ယင်းသို့ ထိန်းချုပ်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှု နယ်ပယ်ရှိ ပြည်တွင်းအစိုးရမဟုတ်သည့်အဖွဲ့များအဖို့ ကူညီထောက်ပံ့မှုများပေးအပ်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သည်။ ပဋိပက္ခခံတွင်းဝသို့ ကျရောက်နေသော လူ့အသိုင်းအဝိုင်းများကို ကူညီရန် ပြည်ပအလှူရှင်များနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများသည် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ လက်တွဲသင့်ပါသည်။ ပြည်ပအဖွဲ့အစည်းအတော်များများသည် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများ ပိုမိုလုပ်ကိုင်ရလွယ်ကူအောင် လုပ်ငန်းစဉ်များတွင် မလိုအပ်သည့် တင်းကျပ်မှုများကို ဖြေလျော့ထားကြပြီးဖြစ်သည်။ သို့တိုင် ယခုတွင် ပဋိပက္ခဘောင် ကျယ်ပြန့်လာသည်နှင့်အမျှ လူသားချင်းစာနာထောက်ထားကူညီမှုနယ်ပယ်မှာ ပို၍ပင် ဘောင်ကျဉ်းလာသည်ဖြစ်ရာ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဒေသန္တရအရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်မှုနှင့် အကောင်အထည်ဖော်မှုဆိုင်ရာ အစီရင်ခံစာများအတွက် စံနှုန်းလိုအပ်ချက်များကို ပိုမိုဖြေလျှော့သင့်ပါသည်။ ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်များသည် အလျင်အမြန်ပြောင်းလဲနေသည့် ပြည်တွင်းက ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် မူတည်၍ ၎င်းတို့၏ မူဝါဒများကို အခါအားလျော်စွာ ဆန်းစစ်သင့်ပါသည်။ တတ်နိုင်သမျှ လူအများအပြားထံသို့ အကူအညီများ ပေးပို့နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများသည် နည်းလမ်းမျိုးစုံကို အသုံးပြုသင့်ပါသည်။ ၎င်းတို့အနက် တစ်နည်းမှာ နယ်စပ်ဖြတ်ကျော်၍ဖြစ်သည်။ ဖြစ်နိုင်ပါက အရာဝတ္ထုပစ္စည်းများပေးအပ်ခြင်းဖြင့်လည်းကောင်း ငွေသားပေးအပ်ခြင်းဖြင့်လည်းကောင်း ကူညီနိုင်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တည်ထောင်ထားသည့် ယန္တရားများကို အသုံးပြု၍လည်း အကူအညီများ ပေးအပ်နိုင်ပါသည်။

ရန်ကုန်၊ မဲလ်ဘုန်း၊ ဘရပ်ဆဲလ်

  ၂၀၂၂၊ ဒီဇင်ဘာ၊ ၂၀ရက်။

 

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.