Demonstrators march with signs during a protest against the military coup and to demand for the release of elected leader Aung San Suu Kyi, in Yangon, Myanmar, February 12, 2021.
Demonstrators march with signs during a protest against the military coup and to demand for the release of elected leader Aung San Suu Kyi, in Yangon, Myanmar, February 12, 2021. REUTERS / Stringer
Report / Asia 20+ minutes

အာဏာသိမ်းမှုအလွန်မှာ သံဃာထုရဲ့အသံ တိတ်ဆိတ်သွားပြီလား

၂၀၂၁စစ်အာဏာသိမ်းချိန်ကစ၍ မြန်မာနိုင်ငံရှိ သံဃာထုသည် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို လူငယ်များက ဦးဆောင်လာကြခြင်းသည် ရေရှည်တွင် ပြောင်းလဲလာမည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေသည်။ အဆိုပါပြောင်းလဲလာသည့် နိုင်ငံရေးယဉ်ကျေးမှုကို ရှေးရိုးစွဲအသိုင်းအဝိုင်းက မထင်မှတ်ထားသည့် နည်းလမ်းများဖြင့် တုံ့ပြန်လာနိုင်သည်။ ၎င်းတို့သည် ဂရုတစိုက် စောင့်ကြည့်လေ့လာရမည့် အပြောင်းအလဲများ ဖြစ်သည်။

အကြောင်းအရာအသစ်ကဘာလဲ - ၂၀၂၁၊​ ဖေဖော်ဝါရီအာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံရှိ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဘုန်းတော်ကြီးများ၊ သီလရှင်များအပါအဝင် သံဃာထုကြီး ထဲထဲဝင်ဝင် ပါဝင်မှုမရှိပေ။ သံဃာအဝန်းအဝိုင်းအတွင်း တကွဲတပြားဖြစ်နေချိန်တွင် တော်လှန်ရေး အင်အားစုများကမူ ဘာသာရေးကို ရှေ့တန်းမတင်သော နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်ရန် လက်နက်စွဲကိုင် တိုက်ခိုက်သည့် နည်းလမ်းဖြင့် ကြိုးပမ်းနေသည်။ ယင်းအချက်မှာ အတိတ်ကာလ နိုင်ငံရေးမုန်တိုင်း လှိုင်းထန်ချိန်နှင့် နှိုင်းယှဉ်လျှင် ယနေ့ခေတ် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၏ ကွဲပြားခြားနားချက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သံဃာထုသည် ယခင်နိုင်ငံရေးလှုပ်ရှားမှုများတွင် အလွန်အရေးပါသည့် အင်အားစု ဖြစ်ခဲ့၍ဖြစ်သည်။

ဘာကြောင့်ဒီအကြောင်းအရာက အရေးပါသလဲ - အာဏာရှင်ဆန့်ကျင်ရေးအဝန်းအဝိုင်းတွေ သံဃာထုပါဝင်မှု လျော့နည်းနေချိန်တွင် လူငယ်များ၊ အထူးသဖြင့် အမျိုးသမီးငယ်များက ထိုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်လာကြသည်။ ယင်းသို့ပါဝင်ခြင်းက ဗုဒ္ဓဘာသာဝင်၊ ဗမာလူမျိုး၊ အမျိုးသားကြီးများသာ အစဉ် အုပ်စိုးထားခဲ့သည့် အစဉ်အလာ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုမှ ခွဲထွက်လာသည့်အချက်ဖြစ်သည်။ ယင်းသို့ ခွဲထွက်လာခြင်းက အနာဂတ်အတွက် အားတက်စရာပင်ဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုးအချို့ ရှိနေနိုင်သည်။

ဘာတွေလုပ်ဆောင်သင့်သလဲ - မူဝါဒချမှတ်သူများနှင့် နိုင်ငံတကာအလှူရှင်များအနေဖြင့် ဗုဒ္ဓဘာသာနှင့် သံဃာထု၏ နိုင်ငံရေးပါဝင်မှုအခန်းကဏ္ဍအပေါ် ပြောင်းလဲနေသည့် အများပြည်သူ အမြင်များကို ဂရုတစိုက် လေ့လာစောင့်ကြည့်သင့်ပါသည်။ လူ့အသိုင်းအဝိုင်းအချင်းချင်းကြား သဟဇာတဖြစ်မှု၊ လူ့အဖွဲ့အစည်း တည်ငြိမ်မှု၊ လူ့အခွင့်အရေးနှင့် အနာဂတ်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေနိုင်သည့် သံဃာထုနှင့် ဗုဒ္ဓဘာသာအပေါ် ပြောင်းလဲနေသည့်အများအမြင်နှင့် ၎င်းတို့အား ရှေးရိုးစွဲရှုထောင့်က တုံ့ပြန်ချက်များကို သတိထား၍ စောင့်ကြည့်သင့်ပါသည်။

ရှာဖွေတွေ့ရှိချက်အနှစ်ချုပ်

၂၀၂၁၊​ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဗုဒ္ဓဘာသာဝင် ရဟန်းနှင့် သီလရှင်များပါဝင်မှု အနည်းငယ်သာရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏တော်လှန်ရေး မဟာမိတ်များကမူ ဘာသာရေးကို ရှေ့တန်းမတင်သည့် နိုင်ငံသစ်တစ်ခုကို စစ်အာဏာရှင်အား လက်နက်စွဲကိုင်သည့် နည်းလမ်းဖြင့် ထူထောင်ရန် ကြိုးပမ်းနေကြသည်။ ယင်းအချက်နှစ်ခုလုံးက ဗုဒ္ဓအဆုံးအမနှင့်အညီ ကျင့်ကြံနေထိုင်ရသည့် သံဃာ့အသိုင်းအဝိုင်းနှင့် မည်သို့မျှ မလျှော်ညီ၊ မအပ်စပ်ပေ။ နွေဦးတော်လှန်ရေးတွင် သံဃာထုတစ်ရပ်လုံး ထဲထဲဝင်ဝင် ပါဝင်ခြင်းမရှိသည်မှာ ယခင်အတိတ်ကာလက နိုင်ငံရေးမုန်တိုင်းထန်ချိန်နှင့် ယနေ့ခေတ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတို့အကြား အလွန်ကြီးမားသည့် ကွာခြားချက်ဖြစ်သည်။ ထိုစဉ်ကဆိုလျှင် သံဃာထုသည် နိုင်ငံရေးအကျပ်အတည်းကာလများတွင် မရှိမဖြစ် အင်အားစုတစ်ရပ် ဖြစ်ခဲ့သည်။ သံဃာထုတစ်ရပ်လုံး ပါဝင်ခြင်းမရှိသည့်တိုင် လူငယ်အမြောက်အမြား အထူးသဖြင့် အမျိုးသမီးငယ်များသည် နွေဦးတော်လှန်ရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာကြသည်။ ၎င်းတို့ပါဝင်လာခြင်းက အစဉ်အလာအားဖြင့် လူများစုဗမာ၊ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းတွင် အသားကျနေပြီဖြစ်သည့် အသက်ကြီးကြီး အမျိုးသားများသာ ဦးဆောင်သည့် နိုင်ငံရေးယဉ်ကျေးမှုမှ ကွဲထွက်လာခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးမှာ မသေချာ၊ မရေရာမှုများရှိနေသော်လည်း ယခုကဲ့သို့ လူငယ်နှင့်အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှုမြင့်တက်လာခြင်းကဲ့သို့ ဖြစ်စဉ်များမှာ အရေးပါသည်ဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါဖြစ်ပေါ်တိုးတက်မှုများသည် လူ့အသိုင်းအဝိုင်းအတွင်း ကသောင်းကနင်းနိုင်သည့် လှုပ်ခတ်မှုများ၊ တင်းမာမှုများကို ဖြစ်ပေါ်စေနိုင်ရုံမက ရှေးရိုးစွဲအသိုင်းအဝိုင်းထံမှ ထင်မှတ်မထားသည့် တုံ့ပြန်မှုများဖြစ်ပေါ်စေနိုင်သည်။

ဘာသာရေးနှင့် ယဉ်ကျေးမှုရှုထောင့်မှကြည့်လျှင် လောကီနိုင်ငံရေးတွင် သံဃာတော်များပါဝင်မှုမှာ ရင်တမမဖြစ်ဖွယ်ကောင်းခဲ့သော်လည်း မြန်မာ့သမိုင်းတစ်လျှောက် နိုင်ငံရေးတိုက်ပွဲများတွင် သံဃာတော်များ၏ ပါဝင်မှုအခန်းကဏ္ဍသည် အလွန်မြင့်မားခဲ့သည်။ အထူးသဖြင့် ၂၀ရာစု အစောပိုင်းကာလက နိုင်ငံ့လွတ်လပ်ရေးကြိုးပမ်းမှု၊ ၁၉၇၀၊ ၁၉၈၀၊ ၁၉၉၀ပြည့်လွန်နှစ်များနှင့် ၂၀၀၇ရွှေဝါရောင်တော်လှန်ရေး စသည့် အထင်ကရသမိုင်းမှတ်တိုင်များတွင် သံဃာထု၏ နိုင်ငံရေးတွင် ပါဝင်မှုမြင့်မားခဲ့သည်။ ၂၀၂၁၊ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်းတွင်တော့ သံဃာထုမှာ ယခင်ကလို တညီတညွတ် မဟုတ်တော့ပေ။ ထင်ရှားကျော်ကြားသည့် ရဟန်းတော်အချို့သည် စစ်တပ်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံသော်လည်း အချို့ကမူ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ သို့သော် သံဃာထုအများစုသည် မည်သည့်ဘက်သို့မျှ တိမ်းယိမ်းခြင်းမရှိသလို မည်သည့်ဘက်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံခြင်း မပြုပေ။ ဘာသာတရား အဆုံးအမကို ရှေ့တန်းမတင်သည့် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုကို ထောက်ခံမိလျှင်လည်း ဘာသာတရားအဆုံးအမနှင့် မစပ်ဟပ်သည့် လက်နက်ကိုင်တော်လှန်ရေးကို အားပေးသကဲ့သို့ဖြစ်နိုင်ပြီး အာဏာသိမ်းစစ်တပ်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်သကဲ့သို့ ဖြစ်နိုင်သည်။ အလားတူပင် စစ်တပ်ကို အထင်အရှားထောက်ခံလိုက်လျှင်လည်း အများပြည်သူ အမျက်ဒေါမာန်ရှမည့် အခြေအနေတွင်ရှိနေသည်။

အကျိုးဆက်အနေဖြင့် သံဃာထုသည် စစ်တပ်ကို ထောက်ခံသည့် သို့မဟုတ် ဆန့်ကျင်သည့် အားကောင်းသော အင်အားစု ဖြစ်လာနိုင်ဖွယ်ရာ လမ်းစမမြင်မိပေ။ သံဃာထုသည် တစ်ဘက်ဘက်ကို ထောက်ခံလိုက်သည့်တိုင် နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်ရလဒ်ကို မလွှမ်းမိုးနိုင်ကြောင်း Crisis Group ၏ မေးမြန်းမှုကို ဖြေကြားသော သံဃာတော်များ၊ သုသေတီများ၊ လက်နက်ကိုင်တော်လှန်ရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက ဆိုသည်။ ထေရ်ကြီးဝါကြီး သံဃာတော်များပင်လျှင် လူရှေ့သူရှေ့ပွဲတက်၍ ဘာသာရေးကိုင်းရှိုင်းကြောင်း ပြသနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲရန် နားချနိုင်မည်မဟုတ်ပေ။ လေ့လာသူအချို့ စိုးရိမ်နေသကဲ့သို့ စစ်တပ်ခေါင်းဆောင်သည် သံဃာထုထောက်ခံမှု ရရှိရန် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခကို တော်လှန်ရေးအင်အားစုက ဗုဒ္ဓဘာသာအပေါ် ဆင်နွှဲသည့် စစ်ပွဲကဲ့သို့ ဘာသာရေး သို့မဟုတ် အမျိုး၊ ဘာသာ၊ သာသနာရှုထောင့်က ပုံဖော်လိမ့်မည်မဟုတ်ပေ။ တစ်ဘက်ကိုကြည့်မည်ဆိုလျှင်လည်း မည်သည့် ထေရ်ကြီးဝါကြီး သံဃာတော်ကမျှ မြားမြောင်လှသော အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုများအပေါ် စစ်တပ်ကို တိုက်ခိုက်မှုရပ်တန့်ရန် ဖြောင်းဖြနိုင်လိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ မြန်မာ့လူ့အသိုင်းအဝိုင်းနှင့် နိုင်ငံရေးသမိုင်းတစ်လျှောက် အစင်အလာကြီးမားသော အင်အားစုတစ်ရပ်ဖြစ်သည့် သံဃာတော်များ နွေဦးတော်လှန်ရေးတွင် ဘေးထွက်ထိုင်နေခြင်းက အရေးပါသည့် သက်ရောက်မှုအချို့ရှိနိုင်သည်။ ၎င်းမှာ ဗုဒ္ဓဘာသာ၊ ဗမာအမျိုးသားအိုကြီးများကသာ လွှမ်းမိုးထားသည့် ဖိုဝါဒကြီးစိုးသော အတိတ်နိုင်ငံရေးယဉ်ကျေးမှုမှ သိသာထင်ရှားစွာ ခွဲထွက်လာခြင်းပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ရှေ့အလားလာက မရေရာမှုများနှင့် ပြည့်နှက်နေပြီး လက်ရှိပဋိပက္ခမှာလည်း လွယ်လွယ်နှင့် ပြီးဆုံးဖွယ်မရှိပေ။ သို့သော် တော်လှန်ရေးအင်အားစုများက အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချနိုင်သည်ဖြစ်စေ၊ မဖြုတ်ချနိုင်သည် ဖြစ်စေ အတိတ်နိုင်ငံရေးယဉ်ကျေးမှုမှ ခွဲထွက်လာခြင်းသည် အနာဂတ်မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးပေလိမ့်မည်။ နာကျည်းစရာများနှင့် ပြည့်နှက်နေသည့် ယနေ့ခေတ် ပဋိပက္ခအလွန် မြန်မာ့သမိုင်း စာမျက်နှာသစ်တွင် မည်သို့သော နိုင်ငံရေးအခြေအနေ ပေါ်ပေါက်လာသည်ဖြစ်စေ ကိုယ်ကျင့်တရားနှင့် ဘာသာတရားအပေါ် အခြေခံ၍ ကိစ္စအရပ်ရပ်ကို အကဲဖြတ်သည့် ထုံးတမ်းအစဉ်အလာများ ပြောင်းလဲနေခြင်းနှင့် ၎င်းကိုဆန့်ကျင်သည့် မည်သည့်တုံ့ပြန်မှုမျိုးကမဆို နောင်တစ်ချိန်တွင် နိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း တစ်ခုနှင့်တစ်ခုအကြား ဆက်ဆံရေး၊ နိုင်ငံရေးနှင့် ပဋိပက္ခတို့အပေါ် ကြီးကြီးမားမား သက်ရောက်နိုင်သည်။

ဘန်ကောက်၊ ဘရပ်ဆဲလ်
၂၀၂၃၊ မတ်၊ ၁၀ရက်

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.