နွေဦးတော်လှန်ရေးတွင် လိင်ဖြစ်တည်မှုနှင့် အသက်အရွယ်အပေါ် အခြေခံသည့် ခွဲခြားမှုများကို ချေဖျက်ခြင်း
နွေဦးတော်လှန်ရေးတွင် လိင်ဖြစ်တည်မှုနှင့် အသက်အရွယ်အပေါ် အခြေခံသည့် ခွဲခြားမှုများကို ချေဖျက်ခြင်း
People hold candles as they take part in an anti-coup night protest at Hledan junction in Yangon, Myanmar, March 14, 2021.
People hold candles as they take part in an anti-coup night protest at Hledan junction in Yangon, Myanmar, March 14, 2021. REUTERS/Stringer
Briefing / Asia 20+ minutes

နွေဦးတော်လှန်ရေးတွင် လိင်ဖြစ်တည်မှုနှင့် အသက်အရွယ်အပေါ် အခြေခံသည့် ခွဲခြားမှုများကို ချေဖျက်ခြင်း

မြန်မာ့နိုင်ငံရေးကို အစဉ်အလာအားဖြင့် အသက်ကြီးကြီး အမျိုးသားများကသာ ကြီးစိုးခဲ့သည်။ သို့သော် ၂၀၂၁ စစ်အာဏာသိမ်းချိန်စက၍ အမျိုးသမီးနှင့် လူငယ်များသည် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်လာကြသည်။ အာဏာရှင်အဆုံးသတ်ရေး လက်နက်ကိုင်တွန်းလှန်မှုမှ မည်သည့်ရလဒ်ထွက်ပေါ်လာသည်ဖြစ်စေ အမျိုးသမီးနှင့် လူငယ်များ၏ နွေဦးတော်လှန်ရေးပါဝင်မှုကို မြှင့်တင်ခြင်းသည် နိုင်ငံအတွက် ကောင်းကျိုးများ ဖြစ်ထွန်းစေနိုင်သည်။

အကြောင်းအရာသစ်ကဘာလဲ

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ရာတွင် လူငယ်များ၊ အထူးသဖြင့် အမျိုးသမီးငယ်များသည် အလွန်အရေးပါသော အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်။ တက်ကြွစွာပါဝင်ခြင်းဖြင့် ၎င်းတို့သည် ဖိုဝါဒကြီးစိုးသည့် မြန်မာ့လူ့အသိုင်းအဝိုင်းတွင် အသက်အရွယ်နှင့် လိင်ဖြစ်တည်မှုအပေါ် အကဲဖြတ်သည့် ရှေးရိုးစွဲစံနှုန်းများကို ပြောင်းလဲရန် ကြိုးပမ်းလာသည်။ စစ်အာဏာသိမ်းမှု နှစ်နှစ်တာကလ ကျော်လွန် လာသော်လည်း အမျိုးသမီးများ၊ လူငယ်များမှာ တရားဝင်နိုင်ငံရေး စင်မြင့်ထက်မှ ဘေးဖယ်ထုတ် ခံထားရဆဲ ဖြစ်သည်။ ၎င်းတို့၏ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာလည်း မကြာခဏ အမေ့လျော့ခံ ဖြစ်နေသည်။

ဘာကြောင့်ဒီအကြောင်းအရာက အရေးကြီးသလဲ

ဒေါ်အောင်ဆန်းစုကြည်ကလွဲ၍ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး စင်မြင့်ကို အသက်ကြီးကြီး အမျိုးသားများကသာ ကြီးစိုးခဲ့သည်။ မူဝါဒချမှတ်ရာတွင် အမျိုးသမီးများနှင့် လူငယ်များ၏ အရေးကိစ္စမှာ နောက်တန်းသို့သာ ပို့ခံရလေ့ရှိသည်။ အာဏာသိမ်းမှုအလွန် နိုင်ငံရေးပဋိပက္ခ မည်သို့မည်ပုံ အဖြေထွက်လာမည်ကို မည်သူမျှ တိတိကျကျ မသိနိုင်ချေ။ သို့တိုင် အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများသည် မိမိတို့အဝန်းအဝိုင်းရှိ ရှေးရိုးစွဲစံနှုန်းများကို ပြောင်းလဲနိုင်ပါက အနာဂတ် မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရာတွင် လွန်စွာပင် အထောက်ကူပြု ပေမည်။

ဘာတွေလုပ်ဆောင်သင့်သလဲ

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မတူညီသော နောက်ခံအမျိုးမျိုးကလာသည့် အမျိုးသမီးနှင့် လူငယ်များကို မူဝါဒအဆုံးအဖြတ်အတွက် အရေးပါရာထူးများ ခန့်အပ်ရာတွင် ပါသည်ဆိုရုံလောက် မည်ကာမတ္တဝါဒ ကျင့်သုံးခြင်းထက် ပိုမိုပါဝင်ခွင့် ပေးသင့်ပါသည်။ ၎င်းတို့ကို ပိုမိုပါဝင်ခွင့်ပေးခြင်းဖြင့် NUG အစိုးရသည် မိမိဂုဏ်သိက္ခာကို မြှင့်တင်ရာရောက်သလို ဖိုဝါဒကြီးစိုးမှု၏ အကန့်အသတ်၊ ဘောင်များကို ချေဖျက်ပြီးသားလည်း ဖြစ်ပေလိမ့်မည်။ နိုင်ငံတကာ အလှူရှင်များကမူ အမျိုးသမီးနှင့် လူငယ်များဦးဆောင်သည့် အဖွဲ့အစည်းများကို ပိုမိုထောက်ပံ့သင့်သလို အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကလည်း မိမိအဖွဲ့ဝင်များကို လိင်ဖြစ်တည်မှုအပေါ် အကဲဖြတ်၍ တာဝန်ခွဲဝေလေ့ရှိသည့် လုပ်ထုံးလုပ်နည်းများကို တဖန်ပြန်လည် သုံးသပ်သင့်ပါသည်။

ခြုံငုံသုံးသပ်ချက်

၂၀၂၁ စစ်အာဏာသိမ်းချိန်ကစ၍ လူငယ်မျိုးဆက်သစ်များ၊ အထူးသဖြင့် အမျိုးသမီးများသည် မြန်မာနိုင်ငံ အတွင်းက လက်နက်ကိုင်လမ်းစဉ်နှင့် ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားမှုများတွင် ရှေ့တန်းက ပါဝင်ခဲ့ကြသည်။ ယင်းသို့ပါဝင်လာခြင်းမှာ လူ့အသိုင်းအဝိုင်းအတွင်း ရှေးရိုးစွဲနေပြီဖြစ်သည့် အသက်အရွယ်၊ လိင်ဖြစ်တည်မှု အပေါ် အကဲဖြတ်သည့် ရှေးရိုးစွဲစံနှုန်းများနှင့် အထက်အောက်၊ ရာထူးအာဏာ ဖွဲ့စည်းတည်ဆောက်ပုံတို့ကို ပြောင်းလဲရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာချိန်တွင် ၎င်းတို့ (အမျိုးသမီးနှင့် လူငယ်များ) သည် ယခင်က လက်လှမ်းမမီခဲ့သည့် အခန်းကဏ္ဍများတွင် ဦးဆောင်ပါဝင်လာကြသည်။ ဤသို့ဆိုသည့်တိုင် အာဏာရှင်ဆန့်ကျင်ရေး အင်အားစု အဝန်းအဝိုင်းထဲက ၎င်းတို့ရရှိသည့် ခေါင်းဆောင်မှု အခွင့်၊ အာဏာတို့သည် အကန့်အသတ်ဖြင့်သာ ရှိနေသေးသည်။ ထို့ပြင် နိုင်ငံ့နေရာအနှံ့ ပြင်းထန်သည့် တိုက်ပွဲများကြောင့်လည်း အမျိုးသမီးနှင့် လူငယ်များမှာ ဦးဆောင်မှု ကဏ္ဍအချို့တွင် ပါဝင်သည့်တိုင် လုပ်ကိုင်နိုင်ခွင့် များများစားစား မရှိချေ။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများသည် အဆိုပါ ပြဿနာကို ကိုင်တွယ်ဖြေရှင်းသင့်သည့် အရင်းခံအကြောင်းတရားများ ရှိနေသည်။ ၎င်းတို့အနေဖြင့် နွေဦးတော်လှန်ရေးတွင် အမျိုးသမီးနှင့် လူငယ်ပါဝင်မှုကို မမြှင့်တင်နိုင်ပါက ထောက်ခံသူများ၏ စာနာထောက်ထားမှု ကျဆင်းနိုင်သည်။ အမျိုးသမီးနှင့် လူငယ်ပါဝင်မှုကို မြှင့်တင်ရာတွင် အယုတ်အလတ်၊ အမြတ်မရွေး အလွှာအသီးသီးနှင့် လူမျိုးစုပေါင်းစုံ ပါဝင်လာအောင် ကြိုးပမ်းသင့်ပါသည်။ လက်နက်ကိုင်အဖွဲ့များက မိမိအဖွဲ့ဝင်များကို လိင်ဖြစ်တည်မှုအပေါ် ခွဲခြား၍ တာဝန်ခွဲဝေချထားမှုမျိုး ထက်စာလျှင် ကျား၊ မ မရွေး မိမိနှစ်သက်ရာတာဝန်များ ရွေးချယ်ထမ်းဆောင်ခွင့် ပေးသင့်ပါသည်။ မြန်မာနိုင်ငံ၏ ပဋိပက္ခ မည်သည့်အချိန်တွင် အဆုံးသတ်မည်နှင့် မည်သို့ရလဒ်ထွက်ပေါ်လာမည်ကို မည်သူကမျှ မသိနိုင်ပေ။ သို့တိုင် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများသည် မိမိတို့အဝန်းအဝိုင်းတွင် အရိုးစွဲနေသည့် စံနှုန်းများကို ပြောင်းလဲခြင်းဖြင့် နောင်တစ်ချိန်တွင် မြန်မာ့နိုင်ငံရေးနှင့် လူ့အသိုင်းအဝိုင်းကို ပုံဖော်ရာတွင် အလွန်ပင် အထောက်အကူပြုပေမည်။ 

စစ်အာဏာသိမ်းမှုမတိုင်မီကဆိုလျှင် ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးစင်မြင့်ကို ဒေါ်အောင်ဆန်းစုကြည် ကလွဲ၍ အသက်ကြီးကြီး အမျိုးသားများကသာ နေရာယူထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့် အရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ခြွင်းချက်ဖြစ်သည်။ ယင်းသို့ဖြစ်ရသည်မှာ ၎င်းသည် အနောက်နိုင်ငံတွင် ကြီးပြင်းသည့် ပညာတတ်တစ်ဦး ဖြစ်သလို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်၍လည်း ဖြစ်ပေမည်။ ကဏ္ဍအသီးသီးတွင် အမျိုးသမီးနှင့် လူငယ်ပါဝင်မှုမှာ အရပ်သားတစ်ပိုင်း အစိုးရအုပ်ချုပ်သည့် လွန်ခဲ့သော ဆယ်နှစ်တာကာလ (၂၀၁၁မှ ၂၀၂၀) အတွင်း အထိုက်အလျောက် တိုးတက်မှုရှိခဲ့သည်။ သို့သော် ယင်းမတိုင်ခင် ရာစုနှစ်ထက်ဝက်ခန့် သက်ဆိုးရှည်ခဲ့သည့် စစ်အာဏာရှင်အုပ်ချုပ်မှုကာလအတွင်း လူ့အဖွဲ့အစည်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် ကျန်ရစ်ခဲ့သည့် ရှေးရိုးစွဲစံနှုန်း၊ အယူဝါဒများနှင့် လက်တွေ့တွင် ကြုံလာရသည့် ကန့်သတ်ချက်များကြောင့် အမျိုးသမီးများနှင့် လူငယ်အများစုမှာ တရားဝင်နိုင်ငံရေး စင်မြင့်ထက်တွင် နေရာမရကြပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် နိုင်ငံရေးတွင် အမျိုးသမီးနှင့် လူငယ်ပါဝင်မှုနှုန်းမှာ ၎င်းတို့မတိုင်ခင်အစိုးရဖြစ်သော စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလက်ထက်က ထက်ပင် လျော့နည်းခဲ့သည်။ ထိုသို့လျော့နည်းမှု အပေါ် တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် အင်န်အယ်လ်ဒီပါတီဝင် အချို့ကပင် စိတ်ပျက်ခဲ့ကြသည်။

အာဏာသိမ်းမှုအလွန် နွေဦးတော်လှန်ရေးတွင် မျိုးဆက်သစ်လူငယ်များ ရှေ့တန်းရောက်လာပြန်သည်။ တစ်ပြည်လုံးအတိုင်းအတာဖြင့် စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ လုပ်ငန်းခွင်ဝင်ရန် ငြင်းဆန်ခြင်းနှင့် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ခြင်း စသည့်လှုပ်ရှားမှုများကို မျိုးဆက်သစ် လူငယ်များက ဦးဆောင်ခဲ့ကြသည်။ ဂျန်ဇီ (Gen Z) မျိုးဆက်များ (၁၉၉၇ မှ ၂၀၀၀ပြည့်နှစ် အစောပိုင်း နှစ်များအတွင်း မွေးဖွားသူများ)နှင့် ထောင်စုနှစ်ဖွားများ (Millennials) (၁၉၈၀ပြည့်နှစ် အစောပိုင်းနှင့် ၁၉၉၀ပြည့်နှစ် နှောင်းပိုင်းနှစ်များတွင် မွေးဖွားသူများ) ပါဝင်သော လူငယ်များသည် အရပ်သားတစ်ပိုင်း အစိုးရများ လက်ထက်တွင် ကြီးပြင်းလာကြသူများပီပီ စစ်အုပ်ချုပ်ရေးသို့ နောက်ကြောင်းပြန်မှုကို လက်မခံနိုင်ကြပေ။ ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်း ဖြိုခွင်းသောအခါမှသာ ၎င်းတို့၏ နိုင်ငံရေး အယူအဆများ ပြင်းထန်လာသည်။ အကြမ်းဖက်ဖြိုခွင်းစဉ် သေဆုံးသွားသော ဆန္ဒပြလူငယ်များ၊ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက် လမ်းမပေါ်ထွက်ခဲ့သည့် အထည်ချုပ်လုပ်သားများမှသည် အကြမ်းမဖက် ဆန့်ကျင်မှု (CDM) တွင် ပါဝင်သော ကျောင်းဆရာ၊ ဆရာမများ အပါအဝင် မျိုးဆက်သစ်လူငယ်များ လူထုအုံကြွမှုတွင် ပါဝင်လာခြင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ အထင်ရှားဆုံး ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။ မျိုးဆက်သစ်လူငယ်များသည် အသက်အရွယ်၊​ လိင်ဖြစ်တည်မှုအပေါ်မူတည်၍ ခွဲခြားသည့် ရှေးရိုးစွဲစံနှုန်းများကို ပြောင်းလဲပစ်ရန် ရဲရဲဝံ့ဝံ့ကြိုးပမ်းလာကြပြီး အထူးသဖြင့် တိုင်းပြည်သစ် တည်ဆောက်ရန် ဆန်းသစ်သောရှေ့ပြေးအမြင်ဖြင့် နိုင်ငံရေးအရွေ့တစ်ခုကို တွန်းတင်လာကြသည်။ 

မျိုးဆက်သစ်လူငယ်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို အဓိကမောင်းနှင်သူများ ဖြစ်သည့်တိုင် ၎င်းတို့ပါဝင်ရာ သင်းပင်းအဖွဲ့အစည်းများတွင် ပြောရေးဆိုခွင့် အနည်းငယ်သာ ရရှိကြသည်။ ဆန္ဒပြပွဲများနှင့် အကြမ်းမဖက်ဆန့်ကျင်မှု (CDM) စသည့် နွေဦးတော်လှန်ရေး၏ ခေတ်ဦးကာလလှုပ်ရှားမှုများတွင် ကျား၊ မ မရွေး၊ လူထုလူတန်းစားပေါင်းစုံ ပါဝင်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အသစ်ထွက်ပေါ်လာသည့် စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများတွင်မူ ကျား၊ မ မရွေး၊ လူထုလူတန်းစားပေါင်းစုံ ပါဝင်ခြင်း မရှိတော့ပေ။ အကျိုးဆက်အနေဖြင့် လက်နက်ကိုင်အဖွဲ့များတွင် လုပ်ငန်းတာဝန် ခွဲဝေချထားမှုများမှာ ကျား၊ မ ဖြစ်တည်မှုအပေါ် ကြီးမားစွာ မူတည်တော့သည်။ အမျိုးသမီးများသည် ကန့်လန့်ကာနောက်ကွယ်ကနေ၍ တော်လှန်ရေးကို ထဲထဲဝင်ဝင် ပါဝင်ပံ့ပိုးသည့်တိုင် (ဥပမာအားဖြင့် လက်လုပ်ဗုံး၊ လက်လုပ်သေနတ်များ ပြုလုပ်ခြင်းနှင့် တော်လှန်ရေးအတွက် ရန်ပုံငွေကောက်ခံခြင်း) ၎င်းတို့မှာ မိမိ၏ဆောင်ရွက်ချက်ကြောင့် အသိအမှတ်ပြု၊ ချီးကျူးခံရလေ့ မရှိပေ။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့ကဲ့သို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အစုအဖွဲ့များတွင် အင်န်အယ်လ်ဒီလူဟောင်း အများအပြားပါဝင်သော်လည်း ယင်းအဖွဲ့အစည်း နှစ်ခုတွင် ပါဝင်သူများကို စုံလင်ကွဲပြားမှု ရှုထောင့်ကကြည့်လျှင် အင်န်အယ်လ်ဒီ အစိုးရနှင့် အင်န်အယ်လ်ဒီ လွှတ်တော်လက်ထက် ကထက်စာလျှင် ပိုမိုတိုးတက်လာသည်မှာ အမှန်ပင်။ သို့သော် ယင်းအဖွဲ့များတွင် လူမျိုးစုပေါင်းစုံပါဝင်မှုသည် အသက်အရွယ်၊ ကျား၊ မ မရွေး လူပေါင်းစုံပါဝင်မှုထက် ပိုမိုသိသာ ထင်ရှားသော စုံလင်ကွဲပြားမှုတစ်ခု ဖြစ်သည်။ NUG အစိုးရတွင် အမျိုးသမီးဝန်ကြီးများ ပါဝင်သော်လည်း ထိပ်တန်းရာထူးများကို အသက်ကြီးကြီး အမျိုးသားများကသာ ချုပ်ကိုင်ထားဆဲဖြစ်သည်။ အာဏာသိမ်းမှု နောက်ပိုင်း ဩဇာတိက္ကမကြီးမားလာသည့် သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တွင်လည်း ယခင်ခေတ်အဆက်ဆက်ကတည်းက ဤသို့ပင်ဖြစ်ကာ ထိပ်တန်းရာထူးများကို အသက်ကြီးကြီး အမျိုးသားများကသာ ချုပ်ကိုင်ထားသည်။ ဓလေ့ထုံးတမ်းအရ သက်ကြီးဝါကြီး အမျိုးသားကြီးများကို ဦးစားပေးသည့် ရှေးရိုးစွဲအယူဝါဒအပြင် လူမှုစီးပွား အရင်းခံအကြောင်းတရားများကလည်း ကဏ္ဍအသီးသီးတွင် (လူငယ်နှင့်) အမျိုးသမီးများ၏ ပါဝင်မှုကို မြှင့်တင်ရေးအတွက် အဟန့်အတားအဖြစ် ရှိနေဆဲဖြစ်သည်။

စစ်တပ်သည် လူငယ်များ၊ အမျိုးသမီးများ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နိုင်သည့် (ယခင်တည်ရှိခဲ့သော) အခွင့်အလမ်းအနည်းငယ်ကိုလည်း အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိတ်ပင်လိုက်သည်။ လက်ရှိအာဏာသိမ်းစစ်ကောင်စီကို တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိများနှင့် စစ်သားဟောင်းများကသာ ကြီးစိုးထားရာ စုံလင်ကွဲပြားမှု ရှုထောင့်ကကြည့်လျှင် ၎င်းတို့သည် မြန်မာ့လူ့အသိုင်းအဝိုင်းကို လားလားမျှ ကိုယ်စားမပြုပေ။ ထို့ပြင် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများကို မြော်မြင်ထောက်ရှုသော် ၂၀၂၃ နှောင်းပိုင်း သို့မဟုတ် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်တပ်ကကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမှ အမျိုးသမီးနှင့် လူငယ်များပါဝင်မှုမြှင့်တင်ရေး အရွေ့အတွက် များများစားစား မျှော်လင့်၍မရပေ။ နိုင်ငံရေးအပြောင်းအလဲ ဖော်ဆောင်မည်ဟု ကြွေးကြော်ထားသော်လည်း လာမည့်ရွေးကောက်ပွဲသည် ပြည်ထောင်စုအဆင့် လွှတ်တော်ကဲ့သို့ အရပ်သားများပါဝင်ခွင့်ရသည့် ဥပဒေပြုအာဏာမဏ္ဍိုင်ကို စစ်တပ်က ပိုမိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။ သို့ဖြစ်ရာ စစ်တပ်အသိုင်းအဝိုင်းရှိ အသက်ကြီးကြီး အမျိုးသားများ ပါဝင်သည့် အခွင့်ထူးခံ လူတန်းစားတစ်ရပ် (အီလစ်)များကသာ နိုင်ငံ့အာဏာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်လက် ရယူထားဖွယ်ရှိသည်။ ၎င်းတို့ကပင် စုံလင်ကွဲပြားမှုကို အကြောင်းပြ၍ လူနည်းစုတိုင်းရင်းသားနှင့် အမျိုးသမီးအချို့ကို အာဏာစင်္ကြန်ထက်တွင်​ မည်ကာမတ္တ ပါဝင်ခွင့် ပြုကောင်းပြုနိုင်သည်။

၂၀၂၁နှစ်လယ်ခန့်မှစ၍ လက်နက်စွဲကိုင်တွန်းလှန်မှု အရှိန်မြင့်တက်လာရာ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများတွင် ကြီးငယ်မရွေး၊ ကျား၊ မ မခွဲ စုံလင်ကွဲပြားစွာ ပါဝင်မှုနှုန်းမှာ အနည်းငယ် ဆုတ်ယုတ် သွားသည်။ ယင်းကိစ္စကို ဖြေရှင်းရာတွင် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များနှင့် နိုင်ငံတကာရှိ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ကူညီပေးနိုင်သည်။ သို့သော် နိုင်ငံရေးတွင် စုံလင်ကွဲပြားစွာပါဝင်မှုကို လက်တွေ့မြှင့်တင်မည်ဆိုလျှင် NUG ကဲ့သို့ တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်ပိုင်း ခေါင်းဆောင်များက ထိုလုပ်ငန်းစဉ်များ အစကောင်းအောင် တက်တက်ကြွကြွ ထောက်ခံအားပေးသင့်သည်။ ယင်းသို့ အပြောင်းအလဲ၊ အရွေ့တစ်ခုကို စတင်ခြင်းသည် လက်ငင်းသာမက ရေရှည်တွင်လည်း နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်။ အာဏာသိမ်းမှုအလွန် ပြည်တွင်းပဋိပက္ခကြောင့် နိုင်ငံ့အနာဂတ် မည်သို့မည်ပုံ ဖြစ်လာမည်ကို မည်သူမျှ တပ်အပ်မပြောနိုင်ပေ။ သို့သော် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုအဝန်းအဝိုင်းတွင် အသက်အရွယ်နှင့် လိင်ဖြစ်တည်ခံယူမှုအပေါ်အခြေခံ၍ ခွဲခြားသည့် ရှေးရိုးစွဲစံနှုန်းများကို စတင်ပြောင်းလဲခြင်းက မြန်မာ့နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအပေါ် ရေရှည်တွင် ကောင်းကျိုးများ ဆောင်ကြဉ်းပေးနိုင်သည်။ အမျိုးသမီးနှင့် လူငယ်များကို အဆုံးအဖြတ်ပေးနိုင်သော နေရာများတွင် ပါဝင်စေခြင်းနှင့် ၎င်းတို့၏အသံကို နားထောင်ခြင်းက NUG ခေါင်းဆောင်များ၏ စုံလင်ကွဲပြားမှု ရှေးရှုသည့် မူဝါဒအတွက် အရေးပါသည့်အပြင် လက်တွေ့တွင်လည်း အကျိုးရှိပေလိမ့်မည်။ ၎င်းတို့ကို လျစ်လျူရှုထားပါက နွေဦးတော်လှန်ရေးအတွက် အရေးကြီးသော အထောက်အပံ့၊ အင်အားစုများကို မိမိဘာသာ ဖြုန်းတီးရာရောက်ပေလိမ့်မည်။ တစ်ဆက်တည်းတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အထူးသဖြင့် ပြည်တွင်းအခြေစိုက်အဖွဲ့အစည်းများ အနေဖြင့် သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များတွင် မူဝါဒများ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ကျား၊ မ မခွဲ စုံလင်ကွဲပြားမှု အခြေခံသဘောတရားများကို ထည့်သွင်းစဉ်းစားသည့် အလေ့အထကောင်းများ ထွန်းကားလာအောင် တိုက်တွန်း လှုံ့ဆော်သင့်ပါသည်။ ဥပမာအားဖြင့် မိမိအဖွဲ့အစည်းအတွင်း လုပ်ငန်းတာဝန် ခွဲဝေရာတွင် လက်အောက်ငယ်သားများ၏ လိင်ဖြစ်တည်ခံယူမှုအပေါ် အခြေပြုပြီး ခွဲခြားဆုံးဖြတ်မှုမျိုးကို ရှောင်ကြဉ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်မှုများကို အလေးပေး ကိုင်တွယ် ဖြေရှင်းခြင်းတို့ ဖြစ်ပါသည်။

မဲလ်ဘုန်း၊ ရန်ကုန်၊ ဘရပ်ဆဲလ် ၂၀၂၃၊ ဖေဖော်ဝါရီ​ ၊ ၁၆ရက်။

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.