ငွေလိမ်ဂိုဏ်းများနှင့် အပစ်ရပ်မှုများ - အာဏာသိမ်းချိန်ကစ၍ တရုတ်-မြန်မာ ဆက်ဆံရေး
ငွေလိမ်ဂိုဏ်းများနှင့် အပစ်ရပ်မှုများ - အာဏာသိမ်းချိန်ကစ၍ တရုတ်-မြန်မာ ဆက်ဆံရေး
n recent months, China has given tacit support to a major rebel offensive in north-eastern Myanmar. March 2023 .
In recent months, China has given tacit support to a major rebel offensive in north-eastern Myanmar. March 2023. STR / AFP
Briefing / Asia 20+ minutes

ငွေလိမ်ဂိုဏ်းများနှင့် အပစ်ရပ်မှုများ - အာဏာသိမ်းချိန်ကစ၍ တရုတ်-မြန်မာ ဆက်ဆံရေး

အခြားနိုင်ငံများနှင့်ယှဉ်လျှင် ဘေဂျင်းသည် မြန်မာ့စစ်ခေါင်းဆောင်များအပေါ်တွင် ပို၍ ဩဇာလွှမ်းမိုးနိုင်သည်။ ၎င်း၏ ဩဇာလွှမ်းမိုးမှုက အကန့်အသတ်နှင့်ဖြစ်သော်လည်း အုပ်စုဖွဲ့ကြံစည်ကျူးလွန်သည့် ရာဇဝတ်မှုများကို တိုက်ဖျက်ခြင်းနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများကို အားပေးခြင်းဖြင့် ဘေဂျင်းသည် ၎င်း၏ နယ်စပ်ဒေသများ တည်ငြိမ်အောင် စွမ်းဆောင်နိုင်သည်။ အခြားနိုင်ငံများအနေဖြင့် မြန်မာပြည်အတွင်းက အာဏာသိမ်းမှုအလွန် ပဋိပက္ခကို အဖြေရှာရာတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်သော နည်းလမ်းများကို ရှာဖွေဖော်ထုတ် သင့်ပါသည်။

  • Share
  • သိမ်းပါ
  • မိတ္တူထုတ်ရန် (ပရင့်ထုတ်ရန်)
  • Download PDF Full Report

အကြောင်းအရာသစ်က ဘာလဲ - မကြာသေးမီက သံတမန်ရေးအရ ထိတွေ့မှုရှိသည့်တိုင် တရုတ်သည် စစ်ကောင်စီအပေါ် အာဏာသိမ်းမှုနှင့်ပတ်သက်၍ သိပ်ကျေနပ်ပုံမပေါ်။ ထို့ကြောင့်ပင် တရုတ်က နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ယခင်ပုံမှန်အခြေအနေသို့ ပြန်လည်အဆင့်မြှင့်တင်ရန် စိတ်အားမထက်သန်ပေ။ ၂၀၂၃နှောင်းပိုင်းတွင် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ကြီးမားသော စစ်ဆင်ရေးတစ်ခု စတင်ခဲ့ရာ တရုတ်က တိတ်တဆိတ် ထောက်ခံခဲ့သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်သည် တရုတ်နယ်စပ်က မဟာဗျူဟာကျသည့် နယ်မြေအစိတ်အပိုင်း အချို့ကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။

ဘာကြောင့်ဒီအကြောင်းအရာက အရေးပါသလဲ - တရုတ်သည် မြန်မာနိုင်ငံအပေါ်တွင် အခြားနိုင်ငံကြီးများထက် ပို၍ ဩဇာလွှမ်းမိုးသည်။ မြန်မာ့ပြည်တွင်းစစ်၏ အနိုင်၊ အရှုံးရလဒ်ကို အဆုံးအဖြတ် မပေးနိုင်သည့်တိုင် မြန်မာနိုင်ငံအတွင်းက အရေးပါသည့် ဖြစ်စဉ်၊ ဖြစ်ရပ်များသည် တရုတ်၏ ဩဇာလက်တံမှ မကင်းလွတ်နိုင်ပါ။ အိမ်နီးချင်း မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် အခြားနိုင်ငံများပါဝင်လာမည့်အရေးကို ဘေဂျင်းက မလိုလားပေ။ သို့သော် စစ်ကောင်စီအပေါ် ‌ဘေဂျင်း၏ တိကျပြတ်သားသောမူဝါဒမရှိခြင်းသည် အာဏာသိမ်းမှုအလွန် မြန်မာ့ပြည်တွင်းစစ်ကို ပူးပေါင်းအဖြေရှာရန် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်သည်။

ဘာတွေလုပ်ဆောင်သင့်သလဲ - ဘေဂျင်းအစိုးရသည် အစဉ်အလာအားဖြင့် ၎င်း၏နယ်စပ်ဒေသတွင် လတ်တလောဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများချုပ်ငြိမ်းပြီး နယ်မြေတည်ငြိမ်ရေးကိုသာ အာရုံစိုက်လေ့ရှိသည်။ သို့သော် တရုတ်အစိုးရသည် နယ်စပ်ဒေသ ရေရှည်တည်ငြိမ်ရေးအတွက် ပိုမိုလုပ်ဆောင်သင့်ပါသည်။ အထူးသဖြင့် တရုတ်ပြည်ကို အကြီးအကျယ် ရိုက်ခတ်စေသော မှုခင်း၊ ကိစ္စရပ်များသာမက နယ်စပ်ဒေသတစ်လျှောက်တွင် တရားမဝင်လုပ်ငန်းများ၊ အုပ်စုဖွဲ့ကြံစည်ကျူးလွန်သည့် ရာဇဝတ်မှုများကို ရေရှည်အမြင်ဖြင့် တိုက်ဖျက်သင့်ပါသည်။

I. အစီရင်ခံစာအနှစ်ချုပ်

တရုတ်သည် မြန်မာပြည်အတွင်းက ၂၀၂၁စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့သည်။ စစ်အာဏာသိမ်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရလက်ထက်က စတင်ခဲ့သည့် ပိုမိုနွေးထွေးလာသော နှစ်နိုင်ငံဆက်ဆံရေး အဆုံးသတ်သွားသည့်အပြင် ဘေဂျင်း၏ မဟာဗျူဟာမြောက် စီးပွားရေးစီမံကိန်းများ နှောင့်‌နှေးသွားသည်။ ထိုအချိန်မှစ၍ စစ်ကောင်စီနှင့် နှစ်နိုင်ငံလုံးအတွက် အရေးပါသည့်ကိစ္စရပ်များ ဆွေးနွေးရန် အဆင့်မြင့်သံတမန်များ စေလွှတ်လေ့ရှိသည်။ သို့သော် တရုတ်အစိုးရသည် အာဏာသိမ်းမှုအလွန်တွင် မြန်မာနှင့် သံတမန်ဆက်ဆံရေးကို ယခင်ပုံမှန်အခြေအနေသို့ ပြန်လည်အဆင့်မြှင့်တင်ခြင်းမရှိသည့်အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် တရားဝင်အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ မြန်မာနိုင်ငံအတွင်း အဆမတန် များပြားလာသောအခါ တရုတ်အစိုးရ အမျက်ဒေါသထွက်လာသည်။ ထို့ကြောင့်ပင် ၂၀၂၃နှောင်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က မြန်မာနိုင်ငံ၏ အရှေ့မြောက်နယ်စပ်ရှိ ကိုးကန့်ဒေသတွင် ကြီးမားသော စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ခဲ့ရာ တရုတ်က ၎င်းတို့ကို အံ့အားသင့်ဖွယ် ထောက်ခံခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်သည် အရှက်ရဖွယ်ကောင်းလောက်အောင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ ယခုချိန်တွင်မူ ဘေဂျင်းသည် ကာလတိုရည်မှန်းချက်များအပြင် နယ်စပ်ဒေသရေရှည်တည်ငြိမ်ရေးကို အလေးထားသင့်ပါသည်။ တရားဝင်စီးပွားရေးလုပ်ငန်းများကို အားပေးသင့်သည့်အပြင် အုပ်စုဖွဲ့ကြံစည် ကျူးလွန်သည့် ရာဇဝတ်မှုများကိုလည်း ထိထိရောက်ရောက် နှိမ်နင်းသင့်ပါသည်။ အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကဲ့သို့ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ရာဇဝတ်မှုများသာမက နယ်စပ်ဒေသတွင် အုပ်စုဖွဲ့ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရေးသည် တရုတ်အစိုးရ၏ ဦးစားပေးမူဝါဒဖြစ်သင့်ပါသည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်အစိုးရက သတိကြီးစွာဖြင့် ချဉ်းကပ်နေချိန်တွင် ဘေဂျင်း၏ စစ်ကောင်စီအပေါ် အေးတိအေးစက် ဆက်ဆံခြင်းက မြန်မာ့အရေး ဆွေးနွေးအဖြေရှာရာတွင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးနေသည်။

တရုတ်မြန်မာဆက်ဆံရေးသည် အစဉ်အားဖြင့် တစ်ဦးအပေါ်တစ်ဦး မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။ နေပြည်တော်က အင်အားကြီးအိမ်နီးချင်းနိုင်ငံ၏ ရည်မှန်းချက်များနှင့်ပတ်သက်၍ သံသယမကင်းဖြစ်နေပြီး ဘေဂျင်းကလည်း မြန်မာကို ၎င်း၏အကျိုးစီးပွားအတွက် ယုံကြည်စိတ်ချ၍မရဟု ရှုမြင်နေသည်။ ဆယ်စုနှစ်များစွာကြာခဲ့သော စစ်အာဏာရှင်အုပ်ချုပ်မှုအဆုံးသတ်သည့် ၂၀၁၁တွင် မြန်မာနိုင်ငံ၌ တခါးဖွင့်မူဝါဒ ကျင့်သုံးပြီး ပြင်ပကမ္ဘာနှင့် ပြန်လည်ဆက်ဆံရန် သမ္မတဦးသိန်းစိန်က ဆုံးဖြတ်လိုက်သောအခါ ဘေဂျင်းသည် အထိတ်တလန့် ဖြစ်ရသည်။ ထိုမူဝါဒအရွေ့က မြန်မာကို အနောက်နိုင်ငံများနှင့် ပိုမိုနီးကပ်သွားစေသည်။ တခါးဖွင့်မူဝါဒ ပြန်လည်ကျင့်သုံးခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ တရုတ်နိုင်ငံကို အလွန်အကျူး မီခိုအားထားမှုအား လျှော့ချရန်ဖြစ်သည်။ ၂၀၁၆တွင် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာသောအခါ ဒေါ်အောင်ဆန်းစုကြည်သည် ဘေဂျင်းနှင့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ခဲ့ပြီး တရုတ်ပြည်၏ စိုးရိမ်မှုများကို မြန်မာက အရေးတယူရှိကြောင်း ပြသခဲ့သည်။ ၂၀၁၇-၂၀၁၈တွင် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ စွန့်ခွာထွက်ပြေးသောအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေး ပိုမိုအေးစက်သွားသည်။ ထိုအခြေအနေကို အပြည့်အဝအသုံးချ၍ မြန်မာနှင့် ပိုမိုနီးကပ်ရန် ဘေဂျင်းက ကြိုးပမ်းခဲ့သည်။ ၂၀၂၀၊ ဇန်နဝါရီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်ခဲ့ရာ လွန်ခဲ့သောနှစ်ပေါင်း၂၀အတွင်း မြန်မာသို့ လာရောက်ခဲ့သည့် ပထမဆုံး တရုတ်ခေါင်းဆောင်ဖြစ်လာသည်။ ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်အစိုးရ၏ "ကံကြမ္မာအကျိုးတူအသိုက်အဝန်းတွင် တတိယ‌မြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။

ပြန်လည်နွေးထွေးလာသော တရုတ်-မြန်မာဆက်ဆံရေးသည် ဟန်ပြသက်သက်သာမဟုတ်ခဲ့ပေ။ ၎င်း၏ မဟာဗျူဟာ‌မြောက်ရည်မှန်းချက်များ ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံသည် တရုတ်ပြည်အတွက် မရှိမဖြစ်အရေးပါသော အိမ်နီးချင်းဖြစ်သည်။ တရုတ်၏ ကုန်းတွင်းပိတ် အနောက်တောင်ဒေသကို ဘင်္ဂလား ပင်လယ်အော်နှင့် ချိတ်ဆက်ရာတွင် မြန်မာသည် အရေးပါသော စင်္ကြံတစ်ခုဖြစ်သည်။ အထူးသဖြင့် တရုတ်၏ မဟာဗျူဟာမြောက် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် ကုန်စည်နှင့် စွမ်းအင်ကုန်သွယ်မှု လမ်းကြောင်းများကို မြန်မာနိုင်ငံမှဖြတ်သန်းခြင်းဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းက စီမံကိန်းများမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ၎င်း၏ အာဏာစက်ကြီးမားကြောင်း တရုတ်က အင်အားပြသနိုင်ပေသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းအဖြစ် ကြီးမားသော အခြေခံအဆောက်အဦစီမံကိန်းများ မြန်မာပြည်တွင် တည်ဆောက်ရန် တရုတ်က ပြင်ဆင်ခဲ့သည်။

သို့သော် စစ်တပ်အာဏာသိမ်းလိုက်သောအခါ ထိုစီမံကိန်းများ ရုတ်ချည်းရပ်တန့်သွားပြီး မြန်မာသည် စိတ်ချအားကိုးလို့မရဟူသည့် တရုတ်၏ သံသယ ပြန်လည်ကြီးထွားလာသည်။ တရုတ်၏ စိတ်ပျက်မှုကို အထင်းသားပင် မြင်တွေ့နိုင်သည်။ ဥပမာအားဖြင့် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်ရှိ ယခင်အရပ်သားအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နေရာကို တရုတ်က ဆန့်ကျင်ခြင်းမရှိပေ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်သည် စစ်တပ်အာဏာသိမ်းမှုကို လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက် ခဲ့သည်။ ၂၀၂၂၊ ဒီဇင်ဘာလတွင် တရုတ်အစိုးရက လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးဆုံးဖြတ်ချက် တစ်ခုကို ယခင်လုပ်နေကျအတိုင်း ဗီတိုအာဏာသုံး၍ ကန့်ကွက်ပယ်ချခြင်းမရှိဘဲ လက်ရှောင်နေခဲ့သည်။ ထိုလုံခြုံရေးကောင်စီဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပထမဦးဆုံး သမိုင်းဝင်ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ စစ်ကောင်စီက အစဉ်တစ်စိုက် တောင်းဆိုသည့်တိုင် တရုတ်အစိုးရက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာ၏ နိုင်ငံ့ခေါင်းဆောင်အဖြစ် တရားဝင်အသိအမှတ်ပြုရန် ငြင်းဆန်ထားရုံမက ၎င်းကို တရုတ်ပြည်သို့ ဖိတ်ကြားခြင်းပင် မပြုပေ။ တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထားသည့် မြန်မာနိုင်ငံအတွင်းက နယ်စပ်ဒေသတွင် အခြေပြုသော အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရန် တရုတ်က အစဉ်တစိုက် ဖိအားပေးသည့်တိုင် စစ်ကောင်စီက အရေးတယူတုံ့ပြန်ဆောင်ရွက်ခြင်းမရှိခဲ့ပေ။ ထိုအခါ တရုတ်အစိုးရသည် စစ်ကောင်စီအပေါ် ပို၍ပင် စိတ်ပျက်လာသည်။ အဆိုပါငွေလိမ်ဂိုဏ်းများသည် ကိုဗစ်-၁၉ ကပ်‌ရောဂါကာလအတွင်း တရုတ်မြန်မာနယ်စပ်ဒေသတွင် မှိုလိုပေါက် ပေါများလာသည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က မြန်မာနိုင်ငံ၏ အရှေ့‌မြောက်ဒေသတွင် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲ၍ စစ်တပ်ကို စတင်တိုက်ခိုက်လာသောအခါ ဘေဂျင်းက ၎င်းတို့ကို တိတ်တဆိတ်ပင် ထောက်ခံခဲ့သည်။ အဆိုပါစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်သည် နိုင်ငံလွတ်လပ်ရေးရချိန်မှစ၍ သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးနိမ့်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ဘေဂျင်းသည် နေပြည်တော်နှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုကို တဖြည်းဖြည်း ပြန်လည်တိုးမြှင့်ခဲ့သည်။ သို့သော် ယင်းသို့ဆက်ဆံခြင်းက စစ်ကောင်စီကို တရားဝင်အစိုးရတစ်ရပ်အဖြစ် ယုံကြည်စိတ်ချစွာ ဆက်ဆံခြင်းမျိုးမဟုတ်ဘဲ နှစ်နိုင်ငံလုံးကို အကျိုးသက်ရောက်သော အရေးပါသည့်ကိစ္စရပ်များ ဆွေးနွေးရန်သာဖြစ်သည်။ တရုတ်အစိုးရနှင့် အနောက်နိုင်ငံများ၏ မြန်မာ့အရေးချဉ်းကပ်ပုံများသည် တစ်ပုံစံတည်း မတူညီသည့်တိုင် ယေဘုယျအားဖြင့် ထပ်တူကျသည်ဟု ကောက်ချက်ချနိုင်သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကဲ့သို့ နိုင်ငံတကာစင်မြင့်ထက်တွင် ၎င်းတို့အကြား မြန်မာပြည်အရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိနေသည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံများအကြား စုပေါင်းဆုံးဖြတ်ချက် ချမှတ်ရာတွင် တရုတ်အစိုးရသည် လက်ရှိအခြေအနေထက် မြန်မာစစ်တပ်ကို ပို၍ဖိအားပေး၊ အရေးယူရန် တွန့်ဆုတ်နေသည်။ သို့တိုင် အခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် လက်တွဲပူးပေါင်းနိုင်သည့် ကဏ္ဍများကို ရှာဖွေဖော်ထုတ်သင့်သည့်အပြင် မြန်မာ့အရေး တစ်ကမ္ဘာလုံးအာရုံစိုက်လာအောင် ကြိုးပမ်းသင့်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့အရေးအဖြေရှာရာတွင် တွေ့ဆုံဆွေးနွေးရေးမူကို ဆက်လက်စွဲကိုင် ထိန်းသိမ်းရာရောက်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းက အခြေအနေများ ယခုထက်ပို၍ ဆိုးရွားလာပါက ကောင်စီဝင်နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်းအဖြေရှာမည့် လမ်းကြောင်းများလည်း ဖွင့်လှစ်ထားသကဲ့သို့ဖြစ်သည်။ တရုတ်သည် မြန်မာ့ပဋိပက္ခကို အနိုင်၊ အရှုံးရလဒ် အဆုံးဖြတ်မပေးနိုင်သည့်တိုင် မြန်မာနိုင်ငံအတွင်းက အရေးပါသည့် အင်အားစုများအပေါ် ဩဇာလွှမ်းမိုးနိုင်သည့် တစ်ခုတည်းသော ကမ္ဘာ့နိုင်ငံဖြစ်ရာ ဘေဂျင်းသည် မြန်မာ့အရေးတွင် သံတမန်ရေးအရ ဆက်လက်အရေးပါနေမည်ဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေးတွင် တရုတ်အစိုးရအနေဖြင့် မြန်မာနှင့် ထိစပ်နေသော ၎င်း၏ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အလွယ်တကူကျိုးပျက်နိုင်သော အပစ်အခတ်ရပ်စဲမှု ရရှိရုံထက်စာလျှင် ပိုမိုကျယ်ပြန့်သော မူဝါဒများ ချမှတ်ဖော်ဆောင်သင့်ပါသည်။ တရုတ်အစိုးရသည် နယ်စပ်ဒေသရှိ ၎င်းဩဇာလွှမ်းမိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေများတွင် တရားဝင်စီးပွားရေး လုပ်ငန်းများကို အားပေးအားမြှောက်ပြုသင့်ပါသည်။ ထို့ပြင် တရုတ်ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကိုသာမက နယ်စပ်တစ်လျှောက်ရှိ အုပ်စုဖွဲ့ကြံစည်ကျူးလွန်သည့် ရာဇဝတ်မှုများကိုပါ ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရန်ဆိုလျှင် ဘေဂျင်းသည် လူသူအင်အားနှင့် အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဖြစ်သည်။ သို့သော် ထိုသို့ရင်းနှီးမြှုပ်နှံခြင်းက ပို၍ကြီးမားသော အကျိုးရလဒ်များကို ဆောင်ကျဉ်းပေးပြီး နယ်စပ်ဒေသကို ပိုမိုတည်ငြိမ်စေနိုင်သည်။ အထူးသဖြင့် တရုတ်နှင့် မြန်မာနှစ်နိုင်ငံသာမက ဒေသတစ်ခုလုံးကိုပါ တည်ငြိမ်မှု ပေးစွမ်းနိုင်မည်ဖြစ်သည်။

ဘန်ကောက်၊ ဘရပ်ဆဲလ်

၂၀၂၄၊ မတ်လ၊ ၂၇ရက်

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.