မဲခေါင်မြစ်ဝှမ်းတစ်လျှောက်က နိုင်ငံဖြတ်ကျော်မှုခင်းနှင့် ပထဝီနိုင်ငံရေးအားပြိုင်မှုများ
Kings Romans casino, the centrepiece of the Golden Triangle Special Economic Zone in Laos, photographed from across the Mekong River in Chiang Saen, Thailand. CRISIS GROUP/Michelle Malaney
Report / Asia 20+ minutes

မဲခေါင်မြစ်ဝှမ်းတစ်လျှောက်က နိုင်ငံဖြတ်ကျော်မှုခင်းနှင့် ပထဝီနိုင်ငံရေးအားပြိုင်မှုများ

လာအိုနှင့် မြန်မာနိုင်ငံအကြား မဲခေါင်မြစ်တစ်လျှောက်တွင် လွန်ခဲ့သည့် ၁၅နှစ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် လောင်းကစားလုပ်ငန်းမှအစ အွန်လိုင်းငွေကြေး လိမ်လည်သည့် လုပ်ငန်းများအဆုံး တရားမဝင် စီးပွားရေးလုပ်ငန်းများ အပြိုင်းအရိုင်း ထွန်းကားလာခဲ့သည်။ အဆိုပါ တရားမဝင်လုပ်ငန်းများနောက်ကွယ်က ရာဇဝတ်ဂိုဏ်းများကို ထိထိရောက်ရောက် ဖြိုခွင်းမည်ဆိုပါက ဒေသတွင်းနိုင်ငံများ အနေဖြင့် အတူတကွ ပူးပေါင်းတိုက်ဖျက်ရမည်ဖြစ်သည်။

အကြောင်းအရာအသစ်ကဘာလဲ - မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံရှိ ဘိုကီယိုပြည်နယ် တို့သည် မှုခင်းထူပြော၍ သက်ဆိုင်ရာ အာဏာပိုင်များ၏ ကွပ်ကဲမှုလက်တံ မထိရောက်သော နှစ်နိုင်ငံလုံးအတွက် ဘုံအန္တရာယ်ဇုန်တစ်ခု ဖြစ်လာသည်။ အဆိုပါဒေသကို ဖြတ်၍ တသွင်သွင်စီးဆင်းနေသော မဲခေါင်မြစ်သည်လည်း ပထဝီနိုင်ငံရေးအားပြိုင်မှုဝင်ရိုးတန်းပေါ်တွင် တည်ရှိနေရာ ဖွဲ့စည်းကြံစည်ရာဇဝတ်မှု တိုက်ဖျက်ရေးမှာ ထင်သလောက်ခရီးမတွင် ဖြစ်ရသည်။

 ဘာကြောင့်ဒီကိစ္စက အရေးပါသလဲ - ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံမြောက်ပိုင်းဒေသများ၏ တရားဝင် မြေပေါ်စီးပွားရေးလုပ်ငန်းများကို ဟန့်တားနှောင့်နှေးစေသည့် တရားမဝင်စီးပွားရေးလုပ်ငန်းများသည်

နှစ်နိုင်ငံလုံးအတွက် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေလျက်ရှိသည်။ အထူးသဖြင့် တရားမဝင် လုပ်ငန်းများကြောင့် နှစ်နိုင်ငံလုံးတွင် အကျင့်ပျက်ချစားမှုထူပြောလာပြီး အုပ်ချုပ်မှုယန္တရား

အားနည်းလာသည့်အပြင် လူ့အသိုင်းအဝိုင်းနှစ်ခုအကြား သဟဇာတဖြစ်မှု ပျက်စီးရသည်။ ယင်းဆိုးကျိုးများက ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ့အခြားနေရာများသို့ပါ သက်ရောက်နေသည်။ 

ဘာလုပ်သင့်သလဲ - မဲခေါင်မြစ်ဝှမ်းဒေသသည် အမေရိကန်နှင့် တရုတ်အကြား ပထဝီနိုင်ငံရေး အားပြိုင်မှုစက်ဝန်းအတွင်း ကျရောက်နေသော်လည်း နိုင်ငံဖြတ်ကျော် တရားမဝင်လုပ်ငန်းများ ပြဿနာကိုအဖြေရှာရန် ဒေသတွင်းနိုင်ငံများပါဝင်သော ညှိနှိုင်းဆောင်ရွက်ခြင်းက ထိပ်တန်းဦးစားပေး ချဉ်းကပ်ပုံ ဖြစ်သင့်ပါသည်။ ရာဇဝတ်မှုဆိုင်ရာ ထောက်လှမ်းရေး သတင်း၊ အချက်အလက်မျှဝေခြင်းနှင့် တရားမဝင်လုပ်ငန်းများ ပူးတွဲဖော်ထုတ် ဖမ်းဆီးရေးလုပ်ငန်းများအပြင် အစိုးရများအနေဖြင့် ပြဿနာ၏ ဇာစ်မြစ်ဖြစ်သော အုပ်ချုပ်မှုနှင့် လူမှုစီးပွားကိစ္စရပ်များ ဖြေရှင်းရာတွင်လည်း ပူးပေါင်းဆောင်ရွက်သင့်သည်။

ရှာဖွေတွေ့ရှိချက် အနှစ်ချုပ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တို့အကြား ဖြတ်သန်းစီးဆင်းနေသော မဲခေါင်မြစ်သည် မကြာသေးမီနှစ်များအတွင်း တရားမဝင်လုပ်ငန်းများ အရှိန်အဟုန်ပြင်းပြင်း ဖွံ့ဖြိုးရှင်သန်ရာ ဘုံအန္တရာယ်ဇုန်တစ်ခုဖြစ်လာသည်။ ၎င်းတို့သည် နှစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေးအာဏာပိုင်များလက်မှ လွတ်မြောက်နေသော မှောင်ခိုလုပ်ငန်းများလည်းဖြစ်သည်။ မည်သူ့စည်းကြပ်မှုအောက်တွင်မှ ရှိမနေသော လောင်းကစားရုံများ၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် တင်ပို့ဖြန့်ဖြူးမှု၊ အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လုပ်ငန်းများနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းကုန်သွယ်မှု အစရှိသည့် တရားမဝင်သည့်လုပ်ငန်းများသည် မဲခေါင်မြစ်ဝှမ်းဒေသကို အခြေပြု၍ လှုပ်ရှားနေကြသည်။ အဆိုပါလုပ်ငန်းများကြောင့်ပင် ဤဒေသတွင်း အကျင့်ပျက်ခြစားမှု နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီး အုပ်ချုပ်မှုယန္တရားများကို ချိနဲ့စေကာ မဲခေါင်မြစ်တစ်လျှောက် အခြေချနေထိုင်သည့် နှစ်ဘက်လူ့အသိုင်းအဝိုင်း အကြားက ဆက်ဆံရေးကို ဖျက်ဆီးလျက်ရှိသည်။ တရားမဝင်လုပ်ငန်းများနောက်ကွယ်က ရာဇဝတ်ဂိုဏ်းများ၊ ကွန်ယက်များ၏ လက်တံသည် ဒေသတွင်းနိုင်ငံများသို့သာမက တစ်ခါတစ်ရံတွင် တစ်ကမ္ဘာလုံးသို့ပါ ဆန့်တန်းနိုင်စွမ်းရှိသည်။ ထို့ပြင် သက်ဆိုင်ရာ အာဏာပိုင်များ မဖမ်းမိနိုင်စေရန် ၎င်းတို့လုပ်ငန်းများကို တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ရွှေ့ပြောင်းနိုင်စွမ်းလည်း ရှိကြပေသည်။ ၎င်းပြဿနာများကို ဖြေရှင်းရန်မှာ ဒေသတွင်းနိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်မှုက အသက်တမျှ အရေးကြီးသည်။ သို့သော် တရုတ်နှင့် အမေရိကန်ကြားက ပထဝီနိုင်ငံရေးအားပြိုင်မှုကြောင့် ယင်းမှာ ထင်သလောက် မလွယ်ဖြစ်ရသည်။ လက်ရှိတွင် ဒေသတွင်းနိုင်ငံများသည် တရားမဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနှင့် နောက်ကွယ်က လုပ်ငန်းများကို တိုက်ဖျက်ရန် မိမိတို့၏ ကိုယ်ပိုင်စီရင်ခွင့်ယန္တရားများကိုသာ အလွန်အမင်း အားထားနေဆဲဖြစ်ရာ ၎င်းတို့ကို ထိထိရောက်ရောက် တိုက်ဖျက်ရန်မှာ သက်ဆိုင်ရာအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ထို့ပြင် တရားမဝင်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းဖြစ်သည့် အုပ်ချုပ်မှုနှင့် လူမှုစီးပွားပြဿနာများကို ဖြေရှင်းရန် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှ ဖြစ်နိုင်ပေမည်။ အကယ်၍ ရွှေ့ပြောင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် အခြားသင့်လျော်သော ကျွမ်းကျင်သူများပါဝင်၍ ပြဿနာကို ဝိုင်းဝန်းအဖြေရှာနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

မြန်မာ-လာအိုနယ်စပ်အဖြစ် တည်ရှိစီးဆင်းနေသော ကီလိုမီတာ၁၀၀ခန့် ရှည်လျားသည့် မဲခေါင်မြစ်ဝှမ်း ဒေသသည် ရှေးယခင်ကတည်းက တရားမဝင်ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ တွင်ကျယ်ခဲ့သော နေရာဖြစ်ပြီး တရားဝင်ကုန်သွယ်မှု၊ အုပ်ချုပ်မှုအာဏာဗဟိုချက်မတို့နှင့် ဝေးလံခေါင်သီသော နေရာလည်း ဖြစ်သည်။ တရုတ်ပြည်နှင့် အရှေ့တောင်အာရှနိုင်ငံများကို ဆက်နွှယ် ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်း ဖြစ်ရာ မကြာသေးမီ ဆယ်စုနှစ်များအတွင်း အစိုးရများက မဲခေါင်မြစ်ကို တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် အဓိကအားထားရန် မျှော်မှန်းခဲ့ကြသည်။ သို့ရာတွင် မြစ်ကမ်းများ၊ သောင်ထွန်းမှုများနှင့် ရေကျဟုခေါ်သော မြစ်၏ရေစီးသန်ရာနေရာများ စသည့် အဟန့်အတားများကြောင့် လုံခြုံရေးသည် မဲခေါင်မြစ်တွင်း သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲတစ်ရပ် ဖြစ်ခဲ့သည်။ မြစ်အတွင်း ကုန်စည်သယ်ဆောင်သည့် ရေယာဉ်များသည် မကြာခန ဓားပြတိုက်ခံရပြီး ခြိမ်းခြောက်ငွေညစ်မှုများလည်း ရှိခဲ့သည်။ ၂၀၁၁၊ အောက်တိုဘာလသို့ ရောက်သောအခါတွင်မူ အလွန်ဆိုးဝါးသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ လက်နက်ကိုင် ပြန်ပေးဆွဲသူ လူတစ်စုက ကုန်ပစ္စည်းတင်ဆောင်လာသော ရေယာဉ်တစ်စုကို ဝင်ရောက်စီးနင်းပြီး တရုတ်လူမျိုး ရေကြောင်းကုန်သည် ၁၃ဦးကို ပစ်သတ်ခဲ့သည်။ ယင်းဖြစ်စဉ်မှာ ဒုတိယကမ္ဘာစစ်အပြီး တရုတ်နိုင်ငံသားများ အများအပြားအသတ်ခံရသည့် အရက်စက်ဆုံးလူသတ်မှုများအနက် တစ်ခု ဖြစ်ခဲ့သည်။ တရုတ်အစိုးရက လူသတ်မှုကျူးလွန်သူများသည် မြန်မာဘက်အခြမ်းတွင် အခြေချ လှုပ်ရှားသည့် ဓားပြများဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ ရှုပ်ထွေးလှသော နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲကာ ကျူးလွန်သည့်အဖွဲ့၏ ခေါင်းဆောင်ကို လာအိုနိုင်ငံတွင် တရုတ်အစိုးရက ဖမ်းဆီးခဲ့ပြီး၊ နောင်တွင် သေဒဏ် ပေးခဲ့သည်။ (သို့သော် နောက်ပိုင်းတွင် အဆိုပါလူသတ်မှု၏ အဓိက လက်သည်တရားခံမှာ အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဖြစ်နိုင်ကြောင်း အထောက်အထားများ ထွက်ပေါ်ခဲ့သေးသည်။) ထိုဖြစ်စဉ်များ နောက်ပိုင်းတွင် ဘေဂျင်းသည် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ စစ်ရေယာဉ်များဖြင့် ပူးတွဲကင်းလှည့်ခြင်း အစီအစဉ် တစ်ရပ်ကို စတင်ခဲ့ပြီး မဲခေါင်မြစ်အတွင်း လှုပ်ရှားခြယ်လှယ် အင်အားပြခဲ့သည်။

ထိုသို့ဆောင်ရွက်ချက်များကြောင့် မဲခေါင်မြစ်၏ အဆိုပါအစိတ်အပိုင်းတွင် ရေကြောင်း ဓားပြတိုက်မှုများ အဆုံးသတ်သွားသော်လည်း ရာဇဝတ်မှုများကား ပုံစံတစ်မျိုးမျိုးဖြင့် ဆက်လက်တည်ရှိနေသည်။ ၂၀၁၁မှစ၍ မြန်မာနှင့် လာအိုနိုင်ငံအကြားက မဲခေါင်မြစ်ဝှမ်းဒေသသည် တရားမဝင်စီးပွားရေး လုပ်ငန်းများအတွက် ရေသောက်မြစ်သဖွယ်ဖြစ်လာပြန်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်ရေးနှင့် မှောင်ခိုသယ်ယူပို့ဆောင်ရေး၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ ငွေဖြူငွေမဲခဝါချမှုများနှင့် ဆိုင်ဘာရာဇဝတ်လိမ်လည်မှုများ၏ ဗဟိုချက်မ နေရာဖြစ်လာသည်။ ဆိုင်ဘာရာဇဝတ်လိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်သော အလုပ်သမားများမှာ အယုံလွယ်သဖြင့် ထိုနေရာသို့ ကမ္ဘာ့ဒေသအသီးသီးမှ ရောက်ရှိလာကြပြီး ရောက်လာပြီးနောက်ပိုင်းမှ အွန်လိုင်းကတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများတွင် အတင်းအဓမ္မ စေခိုင်းခံရသူများလည်း ဖြစ်သည်။ ဥပဒေစိုးမိုးမှု လျော့နည်းခြင်း သို့မဟုတ် ထိန်းကျောင်းမှုမရှိသော အခြေအနေက နယ်စပ်ဖြတ်ကျော် ရာဇဝတ် ဂိုဏ်းများအတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်သည်။ ထို့ပြင် တရားမဝင် လုပ်ငန်းများ၏ သဘာဝအရ နယ်မြေ တစ်ခုမှတစ်ခုသို့ အလွယ်တကူ ရှောင်တိမ်းနိုင်သည်ဖြစ်ရာ ၎င်းတို့သည် အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူခြင်း မခံရအောင် လုပ်ငန်းလည်ပတ်မှုတည်နေရာကို တစ်နေရာမှ တစ်နေရာသို့ အလျင်အမြန်ပြောင်းရွှေ့ကြသည်။

ရာဇဝတ်မှုနှင့်မကင်းသော တရားမဝင်လုပ်ငန်းများ ကြီးထွားလာမှုကို ဟန့်တားရပ်တန့်လိုပါက အကျိုးစီးပွား သက်ဆိုင်သည့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါသည်။ ထို့ပြင် အခြားတတ်နိုင်သည့် နည်းလမ်းများကိုလည်း ရှာဖွေကြံဆသင့်ပါသည်။ ပါဝင်ပတ်သက်သော နိုင်ငံများ၏ ဌာနဆိုင်ရာအဖွဲ့အစည်း အများအပြားပါဝင်၍ ပူးပေါင်းဆောင်ရွက်ရေးက အရေးကြီးကြောင်းကို ၎င်းအစိုးရများက ဦးစွာပထမ အသိအမှတ်ပြုရမည်ဖြစ်ပြီး ယင်းမှာ သာမန်လုပ်ရိုးလုပ်စဉ်မှ ခွဲထွက်ခြင်းလည်း ဖြစ်သည်။ အများအားဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် နိုင်ငံများသည် လုံခြုံရေးရှုထောင့် သို့မဟုတ် ပါဝင်သူများကိုဖမ်းဆီးထောင်ချလိုက်ရုံဖြင့် အကုန်ပြေလည်ပြီဆိုသည့် ရှုထောင့်က ချဉ်းကပ်လေ့ရှိသည်။ ယင်းသို့ဆောင်ရွက်ခြင်းက အနာကို ဆေးမြီးတိုနှင့် ကုသသကဲ့သို့ ဖြစ်ပြီး အုပ်ချုပ်မှုယန္တရားအားနည်းခြင်းနှင့် လာဘ်စားမှုထူပြောခြင်း၊ အချို့ဒေသန္တရ အာဏာပိုင်များ၏ တရားမဝင်လုပ်ငန်းများနှင့် လက်ပွန်းတသီးရှိခြင်း စသည့် ပြဿနာ၏ အခြေခံကျသော အကြောင်းအရင်းကို ဖြေရှင်းရာ မရောက်ပေ။

လက်ရှိတွင်မူ ပထဝီနိုင်ငံရေးအခင်းအကျင်းများကြောင့် ယင်းကဲ့သို့ နိုင်ငံများပါဝင်သည့် တရားမဝင်လုပ်ငန်း ညှိနှိုင်းတိုက်ဖျက်ရေး အစီအစဉ်မျိုး မရှိပေ။ မဲခေါင်မြစ်ဝှမ်းဒေသသည် မဟာပါဝါ နှစ်ခုအားပြိုင်မှု စက်ဝန်းအတွင်း ကျရောက်နေသောကြောင့် ဖြစ်သည်။ ထို့ပြင် မဲခေါင်မြစ်ဝှမ်းဒေသသည် ထိုင်းအပါအဝင် အခြားဒေသတွင်း နိုင်ငံများနှင့် အမေရိကန်အကြား ရှိရင်းစွဲဆက်ဆံရေးကို တရုတ်နိုင်ငံ၏ အင်အား ကြီးထွားလာမှုနှင့် ဒေသတွင်း ဩဇာတည်ဆောက်မှုက သွေးတိုးစမ်းလျက်ရှိရာ နေရာတစ်ခုလည်းဖြစ်လာသည်။ အဆိုပါအားပြိုင်မှုသည် မဲခေါင်မြစ်တစ်လျှောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးအတွက် အနောက်ကမ္ဘာနှင့် တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်လျက်ရှိသည်။ ယင်းအားပြိုင်မှုကြောင့်ပင် ဒေသတွင်းနိုင်ငံအချို့ကလည်း ၎င်းတို့နှင့် အဆိုပါနှစ်နိုင်ငံအကြား ဆက်ဆံရေးချိန်ခွင်လျှာကို ပြန်လည်ထိန်းညှိ နေရသည်။

အကယ်၍ နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းများ တိုက်ဖျက်ရေးတွင် တက်တက်ကြွကြွပါဝင်ရန် တရုတ်နိုင်ငံကသာ ဆုံးဖြတ်ပါက ၎င်းသည် ဤအရေးကိစ္စတွင် ဩဇာအရှိဆုံး ဖြစ်လာနိုင်ပြီး အလွန်ပင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်မည်မှာ အသေအချာပင်။ မဲခေါင်ဒေသခွဲတွင် တရားမဝင် စီးပွားရေး လုပ်ငန်းများ လျော့နည်းသွားဖို့ဆိုလျှင် တရုတ်နိုင်ငံအနေဖြင့် ၎င်းဩဇာလွှမ်းမိုးသော ဒေသတွင်းနိုင်ငံများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခိုင်မာသောမူဝါဒတစ်ရပ် ကျင့်သုံးသင့်ပါသည်။ သို့တိုင် ဘေဂျင်း၏ ကြိုးပမ်းချက်များသည် ၎င်း၏ ကိုယ်ပိုင်မဟာဗျူဟာမြောက် မြော်မြင်ကြံဆချက်များအပေါ်တွင် မူတည်နေမည်ဖြစ်သည်။ ဥပမာအားဖြင့် တစ်စိတ်တစ်ပိုင်းတရားမဝင်လုပ်ငန်းဖြစ်လင့်ကစား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအချို့သည် ၎င်း၏နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ဆောင်ကျဉ်းပေးသည်ဟု ဘေဂျင်းက ယူဆလေ့ရှိသည်။ ထို့ပြင် ဘေဂျင်းသည် အိမ်နီးချင်းနိုင်ငံများရှိ ၎င်းအလွယ်တကူ ဩဇာလွှမ်းမိုးနိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေရရှိထားသည့် အဖွဲ့အစည်းအမျိုးမျိုးအပေါ် အသာစီးရရန် ကြိုးပမ်းလေ့ရှိသည်။ လက်ရှိချိန်အထိ ဘေဂျင်းသည် ၎င်း၏အမျိုးသားအကျိုးစီးပွား တိုက်ရိုက်ခြိမ်းခြောက်ခံရမှသာ ဥပဒေစိုးမိုးရေး လမ်းကြောင်းမှ ချဉ်းကပ် ဖြေရှင်းလေ့ရှိသည်။ ၎င်းဖြေရှင်းချက်တစ်ခုမှာ အရှေ့တောင်အာရှတခွင်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လိုက်လံပိတ်သိမ်းရန် ကြိုးပမ်းချက် ဖြစ်သည်။ တစ်ဆက်တည်းတွင် တရုတ်အစိုးရသည် ၎င်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသော အဖွဲ့အစည်းနှင့် လုပ်ငန်းများ ထိန်းချုပ်ရာဒေသများရှိ ရာဇဝတ်မှုမကင်းသည့် လုပ်ငန်းလည်ပတ်မှုများကိုမူ မသိကျိုးကျွံ ပြုထားသည်။ 

မဲခေါင်မြစ်တစ်လျှောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရာတွင် အမေရိကန်နှင့် တရုတ်အစိုးရတို့သည် ၎င်းတို့၏ ပထဝီနိုင်ငံရေးအားပြိုင်မှုကို ဘေးချိတ်ထားလျှင် အကောင်းဆုံးဖြစ်သည်။ ယင်းကိစ္စသာ အောင်မြင်ပါက အခြားနယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေး လမ်းပွင့်သွားနိုင်သည်။ ဥပမာအားဖြင့် အမေရိကန်ဦးဆောင်၍ ကမ္ဘာ့နိုင်ငံအများအပြားပါဝင်သော Global Coalition to Address Synthetic Drug Threats ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်မျိုးနှင့် ထိုင်းနိုင်ငံဦးဆောင်သော မဲခေါင်အခြေပြု နိုင်ငံဖြတ်ကျော်ဖွဲ့စည်းရာဇဝတ်မှုဆိုင်ရာ သတင်းအချက်အလက် စုဆောင်းရေးကဲ့သို့ လုပ်ငန်းများဖြစ်သည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုမှာ လက်တွေ့ထက် စိတ်ကူးယဉ်ဆန်သော်လည်း အင်အားကြီးနှစ်နိုင်ငံလုံးက ၎င်းတို့ပါဝင်သည့် မဲခေါင်ပူးပေါင်းရေးအစီအစဉ်များကတစ်ဆင့် ဒေသတွင်း နိုင်ငံများနှင့် လက်တွဲအလုပ်လုပ်နိုင်သည်။ ဥပမာ မဲခေါင်-အမေရိကန်မိတ်ဖက်ပူးပေါင်းမှု အစီအစဉ်နှင့် တရုတ်ပါဝင်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အသုံးချ၍ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို တိုက်ဖျက်ရုံသာမက ၎င်းမှုခင်းများထူပြောစေသည့် အုပ်ချုပ်ရေးနှင့် လူမှုစီးပွားနောက်ခံ အကြောင်းတရားများကိုပါ ဖြေရှင်းသင့်ပါသည်။ အထူးသဖြင့် အုပ်ချုပ်ရေးယန္တရားများ ပိုမိုကောင်းမွန်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီးရေး တို့ကို ရှေးရှုသော အစီအစဉ်များ အကောင်အထည်ဖော်သင့်ပါသည်။

တစ်ဆက်တည်းတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကြောင့် လူသားများအပေါ် ထိခိုက်မှုဆိုးကျိုးများကို ဖြေရှင်းရန်လည်း အရေးကြီးလှပေသည်။ မြန်မာ၊ လာအိုနှင့် အခြားဒေသတွင်းနိုင်ငံများရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ကာယကံရှင်၏ ဆန္ဒမပါဘဲ ရာဇဝတ်မှုကျူးလွန်ရန် အတင်းအဓမ္မ စေခိုင်းခံရသူ ထောင်ပေါင်းများစွာ ပြန်လည်လွတ်မြောက်လာရန် သက်ဆိုင်ရာနိုင်ငံများက ပိုမိုကြိုးပမ်းသင့်ပြီး ထိုအစီအစဉ်များကို အခြားသူများက ဝိုင်းဝန်းထောက်ပံ့သင့်သည်။ ကယ်ဆယ်ခံရပြီးနောက် သို့မဟုတ် ပြန်လည်လွတ်မြောက်လာပြီးနောက်တွင်ပင် အလုပ်သမားများသည် မကြာခန လဝကဥပဒေများဖြင့် ဖမ်းဆီးစစ်ဆေး ခံရလေ့ရှိပြီး မလွတ်မြောက်မီက အတင်းအဓမ္မ စေခိုင်းခံရ၍ ၎င်းတို့ကျူးလွန်ခဲ့ရသည့် အွန်လိုင်းကတစ်ဆင့် ငွေကြေးလိမ်လည်မှုများအတွက် စွဲချက်တင်၊ ထောင်ချခံရလေ့ရှိသည်။ ၎င်းတို့၏ မိခင်နိုင်ငံသံရုံးများသာမက ၎င်းတို့ရောက်ရှိနေရာ အိမ်ရှင်နိုင်ငံ၏ အစိုးရများကပါ ပြန်လည်လွတ်မြောက် လာသူများ၏ အရေးကိစ္စရပ်များတွင် ပိုမိုတက်ကြွစွာ ကူညီပေးသင့်ပါသည်။

မဲခေါင်မြစ်ကိုအခြေပြု၍ ရှင်သန်လှုပ်ရှားနေသော နယ်စပ်ဖြတ်ကျော်မှောင်ခိုလုပ်ငန်းများကို နှိမ်နင်းရန်မှာ လွယ်ကူသည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။ သို့သော် ဤပြဿနာကို မဖြေရှင်းပဲထားလိုက်ခြင်းမှ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအကျိုးဆက်များမှာ ဒေသတွင်း နိုင်ငံများအဖို့ မသိကျိုးကျွံ ပြုထားရန် မဖြစ်နိုင်လောက်အောင်ပင် ကြီးမားဆိုးဝါး လှပေသည်။ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုက ပြဿနာကို အဖြေရှာရန် လမ်းစပင် ဖြစ်သည်။ 

ဘန်ကောက်/ဘရပ်ဆဲလ်

  ၂၀၂၃၊ ဩဂုတ်လ၊ ၁ရက်

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.