ခယောင်းလမ်းကို ပါးပါးနပ်နပ်လျှောက်လှမ်းခြင်း၊ ရှမ်းပြည်နယ်အတွင်း အင်အားကြီးထွားလာသည့် တအာင်းတပ်မတော်
ခယောင်းလမ်းကို ပါးပါးနပ်နပ်လျှောက်လှမ်းခြင်း၊ ရှမ်းပြည်နယ်အတွင်း အင်အားကြီးထွားလာသည့် တအာင်းတပ်မတော်
In this photo taken on March 9, 2023 members of ethnic rebel group Ta'ang National Liberation Army (TNLA) patrol near Namhsan Township in Myanmar's northern Shan State. STR / AFP
Briefing / Asia 20+ minutes

ခယောင်းလမ်းကို ပါးပါးနပ်နပ်လျှောက်လှမ်းခြင်း၊ ရှမ်းပြည်နယ်အတွင်း အင်အားကြီးထွားလာသည့် တအာင်းတပ်မတော်

မြန်မာစစ်တပ်က အခြားစစ်မြေပြင်များတွင် စစ်ခင်းနေချိန်၌ တအာင်းမျိုးသားလွတ်မြောက်ရေး တပ်မတော်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၎င်း၏နယ်မြေထိန်းချုပ်မှုကို အခိုင်အမာ တည်ဆောက်နေသည်။ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများ ဖြစ်ပွားနိုင်ချေလည်း ရှိနေသည်။ တအာင်းလက်နက်ကိုင်အဖွဲ့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၎င်းထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်မှုစနစ် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သင့်သည်။

  • Share
  • သိမ်းပါ
  • မိတ္တူထုတ်ရန် (ပရင့်ထုတ်ရန်)
  • Download PDF Full Report

အကြောင်းအရာသစ်က ဘာလဲ - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တဖြည်းဖြည်း နယ်မြေချဲ့ထွင်လာသည်။ လူသစ်စုဆောင်းမှုမှ တစ်ဆင့် တပ်ဖွဲ့ဝင်အင်အား ပိုမိုတောင့်တင်းလာပြီး ၎င်း၏ စင်ပြိုင်အုပ်ချုပ်ရေး ယန္တရား ပိုမိုအားကောင်းအောင် တည်ဆောက်လာသည်။ အာဏာသိမ်းမှုဆန့်ကျင်သော လက်နက်ကိုင် အဖွဲ့အစည်းများကို တိတ်တဆိတ် ထောက်ပံ့ခဲ့သော်လည်း TNLAသည် ယခင်နှင့်စာလျှင် စစ်တပ်နှင့် ပစ်ခတ်တိုက်ခိုက်မှု အနည်းအကျဉ်းသာ ရှိခဲ့သည့်အပြင် စစ်ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ဘာကြောင့် ဒီအကြောင်းအရာက အရေးပါသလဲ - ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က နယ်မြေချဲ့ထွင် လာသည်နှင့်အမျှ ၎င်းနှင့် ဒေသတွင်းရှိ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား ဆက်ဆံရေး ပိုမိုတင်းမာလာသည်။ ထို့ပြင် တအာင်းမဟုတ်သော အခြားအသိုင်းအဝိုင်းများနှင့်ပါ ဆက်ဆံရေးအဖုအထစ် ရှိလာသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားရသည့် ရှုပ်ထွေးနက်နဲသော ရေခံမြေခံ၊ အခြေအနေကြောင့်ပင် အာဏာသိမ်းမှုနောက်ပိုင်း TNLA၏ နိုင်ငံရေးရပ်တည်ချက်မှာ တိကျပြတ်သားမှုမရှိဟု ဆိုနိုင်သည်။ ထိုပကတိတရားကြောင့်ပင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရေးအတွက် တစ်တိုင်း၊ တစ်ပြည်လုံးပါဝင်သည့် မဟာမိတ်တပ်ပေါင်းစုကြီး ဖွဲ့စည်းရေးဟူသည့် စဉ်းစားချက်မှာ လက်တွေ့ဖြစ်နိုင်ရန် အလွန်ခက်ခဲလှသည်။

ဘာတွေလုပ်ဆောင်သင့်သလဲ - ထိန်းချုပ်နယ်မြေကို ယခုထက်ပိုမိုချဲ့ထွင်မည့်အစား TNLA သည် မိမိကိုယ်ပိုင် အုပ်ချုပ်ရေးယန္တရားကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် လက်ရှိထိန်းချုပ်ရာ နယ်မြေအတွင်းက ပြည်သူလူထုကို အလုပ်အကျွေးပြုသင့်သည်။ ထို့ပြင် TNLA သည် ၎င်း၏တပ်သားစုဆောင်းမှု လုပ်ငန်းစဉ်များကို ပြုပြင်ပြောင်းလဲသင့်သည်။ နိုင်ငံတကာ အလှူရှင်များကမူ ရှမ်းပြည်နယ်အတွင်းရှိ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသော အရပ်ဘက်လူ့အဖွဲ့အစည်းများကို ရန်ပုံငွေ ပိုမိုထောက်ပံ့သင့်ပါသည်။

အစီရင်ခံစာအနှစ်ချုပ်

၂၀၂၁စစ်အာဏာသိမ်းချိန်ကစ၍ မြန်မာပြည်အတွင်းက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် တစ်ခုဖြစ်သည့် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်း၏ နယ်မြေထိန်းချုပ်မှု ပိုမိုခိုင်မာအောင် တည်ဆောက်လာသည်။ တအာင်းအရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်း၍ TNLA သည် တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးမြှင့်တင်မှု စသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဖော်ဆောင်ခဲ့ပြီး ဒေသန္တရစီးပွားရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ခဲ့သည်။ စစ်အာဏာသိမ်းမှုအလွန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့ကဲ့သို့ စစ်တပ်နှင့် ပစ်ခတ်တိုက်ခိုက်မည့်အစား TNLA သည် အများအားဖြင့် စစ်ရေးပဋိပက္ခကို တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။ စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများကို ပေါ်ပေါ်တင်တင်မဟုတ်ဘဲ​ နောက်ကွယ်မှ လျှို့ဝှက်ထောက်ပံ့ပေးခဲ့သည့်အပြင် အာဏာသိမ်း စစ်တပ်၏ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်း၊ ယန္တရားများနှင့်လည်း သွယ်ဝိုက်သာ ဆက်ဆံခဲ့သည်။ ၎င်း၏ အဖြူအမဲမသဲကွဲသော အာဏာသိမ်းမှုအလွန် နိုင်ငံရေးရပ်တည်ချက်ကို ကြည့်ခြင်းအားဖြင့် TNLA သည် ရေရှည်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းထားသည်ဟု ဆိုနိုင်ပါသည်။ မိမိထိန်းချုပ်နယ်မြေ ပီပီပြင်ပြင်ရှိလာသည်နှင့်အမျှ TNLA သည် အဆိုပါနယ်မြေရှိ ပြည်သူလူထုအရေးကို မျက်နှာမူသင့်ပါသည်။ ထို့ပြင် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ စစ်တပ်နှင့်ဖြစ်စေ ထိပ်တိုက်ရင်ဆိုင်၊ ပဋိပက္ခ ဖြစ်စေနိုင်သော လုပ်ရပ်များ၊ တစ်နည်းအားဖြင့် စစ်ရေးအရစွန့်စားမှုမျိုးကို ရှောင်ကြဉ်သင့်ပါသည်။ ထိုမျှမက အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းနှင့် ကလေးစစ်သား အသုံးပြုခြင်းတို့ကို ရပ်တန့်သင့်သည်။ ပြင်ပ နိုင်ငံတကာအဖွဲ့အစည်းများကမူ ရှမ်းပြည်နယ်အတွင်း ဒေသခံအရပ်ဘက် လူ့အဖွဲ့အစည်းများမှတစ်ဆင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကူညီထောက်ပံ့သင့်သည်။

စတင်တည်ထောင်ချိန် ၂၀၀၉မှစ၍ TNLAသည် တဖြည်းဖြည်း အင်အားကြီးထွားလာပြီး ထိန်းချုပ်နယ်မြေလည်း ပိုမိုချဲ့ထွင်လာသည်။ တင်းကျပ်သော မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး မူဝါဒတစ်ရပ် လက်ကိုင်ထားပြီး မတူကွဲပြားသည့် မျိုးနွယ်စုငယ်များကို စုစည်း၍ တအာင်းဟူသည့် လူမျိုးစုအမှတ်သညာတစ်ခုအောက်တွင် ညီညွတ်ရေးတည်ဆောက်ခြင်းဖြင့် TNLAသည် လူထုထောက်ခံမှုရရှိခဲ့သည်။ တစ်ဘက်တွင်လည်း TNLAသည် (ယခင်က) ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် (မကြာသေးခင်က) ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တို့ထံမှ စစ်သင်တန်းနှင့် လက်နက်ခဲယမ်း စသည့် စစ်ရေးအထောက်အပံ့များ ရရှိခဲ့ရာ အတန်အသင့် အင်အား ကြီးလာသည်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း မိမိနယ်မြေကို အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်နေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း TNLAသည် ၎င်းထိန်းချုပ်သည့် ပထဝီဝင်နယ်မြေကို ခြေလှမ်းကျဲကျဲလှမ်း၍ တဖြည်းဖြည်း ချဲ့ထွင်ခဲ့သည်။ အဆိုပါကာလ တစ်လျှောက်လုံး TNLAသည် မြန်မာစစ်တပ်၊ စစ်တပ်လက်ဝေခံ ပြည်သူ့စစ်များနှင့်သာမက ၎င်း၏ပြိုင်ဘက်ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့နှင့်ပါ မကြာခန ထိတွေ့ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ 

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် TNLAသည် ပို၍ပင် အင်အားကြီးလာသည်။ မြန်မာစစ်တပ်သည် အခြားဒေသများတွင် စစ်မျက်နှာပြင် အများအပြား ဖွင့်တိုက်ရသည်ဖြစ်ရာ ၎င်း၏ အင်အားအများအပြားကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဆုတ်ခွာစေပြီး စစ်တလင်းအသစ်များသို့ ပို့ဆောင်ရသည်။ စစ်တပ်ဆုတ်ခွာ သွားသည်နှင့် တစ်ပြိုင်နက် TNLAနှင့် မဟာမိတ်များသည် ၎င်းတို့၏လှုပ်ရှားမှုခွင်ကို ချဲ့ထွင်လိုက်ကြပြီး RCSS ကို ရှမ်းမြောက်ဒေသမှ တိုက်ခိုက်နှင်ထုတ်ခဲ့သည်။ တပ်သား ၁၀,၀၀၀မှ ၁၅,၀၀၀အတွင်း အင်အားရှိသော TNLA သည် ၎င်း၏ထိန်းချုပ်နယ်မြေနှင့် အနီးတစ်ဝိုက်မြို့များတွင် ပေါ်ပေါ်ထင်ထင် သွားလာနိုင်သည်အထိ အင်အား ကြီးလာသည်။ စစ်တပ်က ရှမ်းမြောက်ဒေသကို အာရုံမစိုက်နိုင်လေ TNLAက ၎င်း၏ "တအာင်းပြည်" တည်ထောင်ရေး နိုင်ငံရေးရည်မှန်းချက်ပြည့်ဝအောင် အင်အားပိုမို တည်ဆောက်လာရုံမက အုပ်ချုပ်ရေး ယန္တရားတစ်ခုကိုလည်း ဖော်ဆောင်လာသည်။ အခြားအင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခြေရာအတိုင်း TNLAကလည်း တအာင်းအရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လက်တွဲ၍ တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သော အုပ်ချုပ်ရေးယန္တရားများဖြင့် "တအာင်းပြည်"ကို တဖြည်းဖြည်းရုပ်လုံးကြွလာအောင် တည်ဆောက်နေသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တအာင်းပြည်ပေါ်ထွက်ရေး ခရီးရှည်မှာ လမ်းခုလတ်တွင်သာ ရှိနေသေးသည်။ သို့သော် TNLAသည် အာဏာသိမ်းမှုနောက်ပိုင်း (အထူးသဖြင့်) အမျိုးသမီးများ ဦးဆောင်သည့်အဖွဲ့များအပါအဝင် တအာင်း အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားတစ်ခုကို လက်တွေ့ဖန်တီးနေသည်။

မိမိအင်အားနှင့် ထိန်းချုပ်နယ်မြေ ခိုင်မာတောင့်တင်းအောင် TNLAသည် အာဏာသိမ်းမှုအလွန် ပဋိပက္ခ အခင်းအကျင်းတွင် (စစ်တပ်နှင့် ၎င်းကိုဆန့်ကျင်သည့် အဖွဲ့များအကြား) ဘက်တစ်ဘက်ကို ရွေးချယ်ခြင်းထက် စည်းရိုးခွမူဝါဒ ကျင့်သုံးခဲ့သည်။ စစ်တပ်နှင့် တတ်နိုင်သမျှ ထိပ်တိုက်တွေ့၊ ပစ်ခတ်တိုက်ခိုက်မှုများကို ရှောင်ကြဉ်ခဲ့သည်။ သို့သော် စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များကို စစ်သင်တန်းပေးခြင်း၊ လက်နက် ထောက်ပံ့ခြင်းတို့ဖြင့် အဓိကအားဖြင့် ကူညီသည့်တိုင် TNLAသည် ယင်းသို့ကူညီခြင်းကို လူသိရှင်ကြား ထုတ်ပြန် ကြေညာခြင်းမပြုပေ။ ထို့ပြင် TNLAသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပေါ်ပေါ်တင်တင်ထက် စာလျှင် တရားဝင်သဘောမျိုးမဟုတ်သော ဆက်ဆံရေးတစ်ရပ်သာ ထားရှိသည်။ NUG ကဲ့သို့ အာဏာသိမ်း စစ်တပ်ဆန့်ကျင်ရေး အဖွဲ့အစည်းများနှင့် ဆက်ဆံသည့်အခါ TNLAသည် တအာင်းအရပ်ဘက်အဖွဲ့များ၊ တအာင်းနိုင်ငံရေးသမားများကို အားကိုးလေ့ရှိသည်။ သို့တိုင် TNLAသည် အာဏာသိမ်း စစ်တပ်နှင့်လည်း ထိတွေ့ ဆက်ဆံခဲ့သည်။ မကြာသေးမီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုနှင့်အတူ TNLA သည် စစ်တပ်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ရှားရှားပါးပါး တွေ့ဆုံခဲ့သည်။ 

ယင်းတွေ့ဆုံမှုမှာ တရုတ်အစိုးရ၏ ဖိအားကြောင့်ဖြစ်သည်။ ၂,၁၆၀ ကီလိုမီတာရှည်လျားသည့် နယ်စပ်တစ်ခု မျှဝေကြသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် မြန်မာပြည်နှင့် ကာလရှည်ကြာ နည်းလမ်းပေါင်းစုံဖြင့် ဆက်ဆံခဲ့သည်။ တရုတ်အစိုးရသည် ၁၉၈၀ပြည့်လွန်နှစ်များနောက်ပိုင်း ရပ်ဝန်းနှင့် လမ်းကြောင်းအစီအစဉ် (BRI) အပါအဝင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအသီးသီးတွင် နက်နက်ရှိုင်းရှိုင်း ရင်းနှီးမြှုပ်နှံခဲ့သည်။ မိမိရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်သည် ၎င်းနှင့်မြန်မာအကြားက နယ်စပ်ဖြစ်သော ရှမ်းပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို အထူးလိုလားသည်။ 

စစ်တပ်ဆန့်ကျင်ရေး အဖွဲ့အစည်းများအားလုံးပါဝင်သော မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းရေးသည် အပြောထက် အလုပ်ခက်ကြောင်းကို အာဏာသိမ်းမှုအလွန် TNLA၏ ရပ်တည်ချက်က သက်သေပြနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများစုသည် အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်လျှင် တင်းတင်းမာမာ ရပ်တည်လေ့ရှိသည်။ သို့သော် စစ်တပ်ယန္တရားတစ်ခုလုံး ပြိုလဲသွားနိုင်သည့် အလားအလာမှာ အနည်းငယ်သာရှိသည်ဟု ၎င်းတို့က ရှုမြင်သဖြင့် NUG နှင့်သာမက အခြားအာဏာသိမ်းမှုဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များနှင့်ပါ ခိုင်မာသော မဟာမိတ်ဆက်ဆံရေး တည်ဆောက်ရန် တွန့်ဆုတ်ကြသည်။ ထို့ပြင် တရုတ်အစိုးရကလည်း ၎င်း၏ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုရှိစေရန် မကြာခန ဖိအားပေးလေ့ရှိရာ အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် စစ်တပ်ကို ထိပ်တိုက်တွေ့ပြီး ပစ်ခတ်တိုက်ခိုက်လိုခြင်း မရှိပေ။ တစ်ချိန်တည်းတွင် မိမိထိန်းချုပ်နယ်မြေရှိ မျိုးနွယ်တူ အသိုင်းအဝိုင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကိုအားပေးသည့် ပြည်တွင်း၊ ပြည်ပ ထောက်ခံသူများကလည်း TNLAနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် အတိုင်းအတာ တစ်ခုအထိ ဩဇာလွှမ်းမိုးမှုရှိသည်။ သို့ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ထောက်ခံ၊ ဝန်းရံသူများထံမှလာသော တောင်းဆိုမှု အမျိုးမျိုးကိုလည်း မျှမျှတတ ထည့်သွင်းစဉ်းစားရသည်။ TNLAကမူ ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သော လက်တွေ့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တအာင်းပြည်တည်ထောင်ရေးနှင့် မိမိလူထု၏ တောင်းဆိုချက်များအကြား မျှခြေတစ်ခု တည်ဆောက်နေသည်။

လွန်ခဲ့သည့် နှစ်များအတွင်း TNLA၏ နယ်မြေချဲ့ထွင်မှုသည် နိုင်ငံ့နယ်နိမိတ်အတွင်းက နယ်မြေအစိတ်အပိုင်းများ အကွဲကွဲ၊ အပြားပြားဖြစ်လာသောဖြစ်စဉ်များအနက်က သာဓကတစ်ခုဖြစ်ပြီး ယင်းဖြစ်စဉ်များက ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် အရှိန်မြင့်တက်လာသည်။ ဗဟိုအုပ်ချုပ်မှုယန္တရားများက မူလအတိုင်း မလည်ပတ်နိုင်တော့ချိန်တွင် TNLAကဲ့သို့ အစိုးရလက်အောက်ခံ မဟုတ်သော လက်နက်ကိုင်အဖွဲ့များ၊ ၎င်းထိန်းချုပ်နယ်မြေတွင် လှုပ်ရှားသော အရပ်ဘက်လူ့အဖွဲ့များသည် သန်းနှင့်ချီသော ပြည်သူလူထုအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဓိက ပေးအပ်ရသည့် အဖွဲ့အစည်းများဖြစ်လာသည်။ 

သို့တိုင် TNLAအင်အားကြီးထွားလာမှုသည် ၎င်းနှင့်၎င်းထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုကို အန္တရာယ်ပေးနိုင်ဆဲ ဖြစ်သည်။ လက်ရှိအခြေအနေမှတစ်ဆင့် နယ်မြေပို၍ချဲ့ထွင်ပါက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် စစ်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ပဋိပက္ခကို ဦးတည်စေနိုင်သည်။ နယ်မြေချဲ့ထွင်ခြင်းမပြုလျှင်ပင် မြန်မာစစ်တပ်သည် ယခင်ကစွန့်လွှတ်ခဲ့သော နယ်မြေများကို နောင်တစ်ချိန်တွင် TNLAထံမှ ပြန်လည် တိုက်ခိုက်၍ သိမ်းပိုက်ရယူရန် ကြိုးပမ်းလာနိုင်သည်။ တအာင်းမဟုတ်သည့် အခြားလူမျိုးစုများကလည်း TNLA အင်အား ကြီးထွားလာမှုကို ခြိမ်းခြောက်မှု၊ အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ကြပြီး ယင်းအခြေအနေက ၎င်းတို့နှင့် တအာင်း လူမျိုးများအကြား တင်းမာမှုကို ပိုမိုမြင့်တက်စေနိုင်သည်။ ထို့ပြင် အင်အားကြီးမားသော လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုကို ထိန်းသိမ်းရခြင်းနှင့် ကျယ်ဝန်းသည့် ထိန်းချုပ်နယ်မြေ အချိုးအစားအလိုက် ကြီးမားသော အုပ်ချုပ်ရေး ယန္တရားတစ်ခုကို ဖော်ဆောင်ရခြင်းမှာ အလွန်တရာ ကုန်ကျစရိတ် များပြားရာ TNLAအဖို့ မနိုင်ဝန် ထမ်းမိသလို ဖြစ်သွားနိုင်သည့် အန္တရာယ်တစ်ခုလည်း ရှိနေသည်။ သို့ဖြစ်ရာ ကြီးမားသည့် အသုံးစရိတ် ကာမိစေရန် TNLA သည် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သာမက စစ်တပ်လက်ဝေခံ ပြည်သူ့စစ်များနှင့်ပါ ဘဏ္ဍာငွေရှာဖွေရာတွင် ယှဉ်ပြိုင်ရတော့သည်။ ဤအခြေအနေက ၎င်းတို့အကြား ပွတ်တိုက်မှုကို ပိုမိုမြင့်တက်စေနိုင်သည်။ 

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နယ်မြေအစိတ်အပိုင်းများ အစိတ်စိတ်၊ အမွှာမွှာကွဲပြားနေသည့် ပကတိ  အရှိတရားကြောင့် TNLAသည် မိမိတစ်ဦးတည်းထက်စာလျှင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် လက်တွဲ၍ ပဋိပက္ခကြောင့်ပေါ်ပေါက်လာသည့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲခြင်း၊ အုပ်ချုပ်မှုယန္တရားကို အရည်အသွေးမြှင့်တင်ခြင်းနှင့် ပြည်သူကို ဝန်ဆောင်မှုပေးခြင်းဖြင့် ရှမ်းမြောက်ဒေသ ပြည်သူအများ၏ အကျိုးကိုသယ်ပိုးနိုင်သည်။ ပဋိပက္ခစစ်မီးကို တစ်ကျော့ပြန် တောက်လောင်စေနိုင်သဖြင့် လက်ရှိအနေအထားမှ နယ်မြေပိုမို ချဲ့ထွင်ခြင်းကို ရှောင်ကြဉ်ရန် လိုအပ်သည်။ ထို့ပြင် မိမိထိန်းချုပ်နယ်မြေရှိ တအာင်းမဟုတ်သော အခြားတိုင်းရင်းသားလူနည်းစုများကို ဖိနှိပ်၊ ရန်စသည့် အပြုအမူမျိုး မလုပ်မိရန် သတိကြီးကြီးထားသင့်သည်။ TNLAသည် မိမိအဖွဲ့အစည်းအတွင်း ခြိမ်းခြောက်အကျပ်ကိုင်ခြင်းနှင့် ရုတ်ရင့်ကြမ်းတန်းသည့်နည်းလမ်းတို့ဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းကို ရပ်တန့်ပြီး တပ်သားသစ်စုဆောင်းမှုမူဝါဒကို ပြုပြင်ပြောင်းလဲသင့်သည်။ ထို့ပြင် တပ်ဖွဲ့အတွင်း ကလေးစစ်သားစုဆောင်းမှုကို လုံးဝတားမြစ်ပြီး ထိထိရောက်ရောက် နှိမ်နင်းသင့်သည်။ တစ်ချိန်တည်းတွင် အလှူရှင်များကမူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းနှင့်အခြားတိုင်းရင်းသား လူနည်းစုများ ပါဝင်သော အရပ်ဘက်လူ့အဖွဲ့အစည်းများအား ပေးအပ်နေသော အကူအညီများ ပိုမိုတိုးမြှင့်သင့်သည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများ ပိုမိုအားကောင်းအောင် ကူညီခြင်းဖြင့် ပြင်ပအလှူရှင်များသည် အရပ်သားများကို လူသားချင်းစာနာမှု အကူအညီများ ပိုမိုထောက်ပံ့ပေးခြင်းပင် ဖြစ်သည်။ ပြည်သူလူထုကို ပို၍ကူညီနိုင်လေ အဆိုပါ အရပ်ဘက်အဖွဲ့များသည် လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များအပေါ် ဩဇာပို၍လွှမ်းမိုးလာနိုင်လေ ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား တည်ငြိမ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းရာတွင် အဆိုပါအရပ်ဘက်အဖွဲ့များ၏ လက်နက်ကိုင်တပ်ဖွဲ့များအပေါ်ရှိသည့် ဩဇာလွှမ်းမိုးမှုက အလွန်အရေးပါသည်။

                                                                     မဲလ်ဘုန်း၊ ရန်ကုန်၊ ဘရပ်ဆဲလ်

                                                                      ၂၀၂၃၊ စက်တင်ဘာလ၊ ၄ရက်

မူရင်းတင်ပြချက်(စာသား)ကို စက်တင်ဘာလ၆ရက်၊ ဗုဒ္ဓဟူးနေ့၊ ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် ၉နာရီတွင် ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.