Demonstrators torch a mock coffin with pictures of Myanmar's army ruler Min Aung Hlaing on his birthday in Mandalay, Myanmar July 3, 2021. Time For Revolution/Handout via REUTERS
Briefing / Asia 20+ minutes

လမ်းမပေါက်တဲ့ခရီး- မြန်မာစစ်တပ် စီမံဖန်တီးသည့် ရွေးကောက်ပွဲ

စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များသည် ရွေးကောက်ပွဲတစ်ရပ် ကျင်းပခြင်းကတစ်ဆင့် စစ်တပ်၏နိုင်ငံရေး ပါဝင်မှုအခန်းကဏ္ဍ ပိုမိုတည်တံ့ခိုင်မြဲအောင် ပြင်ဆင်နေသည်။ စစ်တပ်အုပ်ချုပ်မှု ကျယ်ကျယ်ပြန့်ပြန့် တွန်းလှန်တိုက်ခိုက်ခံနေရချိန်တွင် ရွေးကောက်ပွဲကျင်းပခြင်းသည် လက်နက်ကိုင် ပဋိပက္ခကို ပို၍သာ ပြင်းထန်စေလိမ့်မည်။ သို့တိုင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်ပစ်မှတ်၊ လူပုဂ္ဂိုလ်များအပေါ် သတ်ဖြတ်၊ တိုက်ခိုက်မှုများကို လျှော့ချနိုင်ရန် နည်းလမ်းများရှိနေသည်။

အကြောင်းအရာသစ်က ဘာလဲ - မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်သည် မကြာသေးမီက ရွေးကောက်ပွဲကျင်းပရန် စတင်ပြင်ဆင်လာသည်။ ၎င်းပြင်ဆင်မှုများတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းခြင်းနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းတို့ပါဝင်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ပြည်တွင်းစစ် ဖြစ်နေသည့်အပြင် နိုင်ငံသားအများစုကလည်း ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်ကို ကန့်ကွက်နေရာ စစ်တပ်ဦးစီးသော မည်သည့်ရွေးကောက်ပွဲမျှသည်  စစ်မှန်သော ရွေးကောက်ပွဲမဖြစ်နိုင်ပေ။

ဘာကြောင့် ဒီအကြောင်းအရာက အရေးကြီးသလဲ - ယခုအချိန်တွင် ရွေးကောက်ပွဲ ကျင်းပပါက သွေးထွက်သံယို တိုက်ခိုက်မှုများ ပိုမိုတိုးပွားလာဖွယ်ရှိသည်။ အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုလုပ်ငန်းစဉ်ကို အသုံးပြု၍ ၎င်း၏ရန်သူများကို စုံစမ်းထောက်လှမ်းကာ အရှိန်မြှင့်ဖြိုခွင်းရန် ကြံစည်နေသည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် မည်သည့်အဖွဲ့အစည်း၊ လှုပ်ရှားမှုကိုမဆို စစ်တပ်က ဖိနှိပ်ဖြိုခွင်းပေမည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်တပ်ဆန့်ကျင်ရေး အင်အားစုများကလည်း ရွေးကောက်ပွဲမဖြစ်မြောက်အောင် တားဆီးမည်ဟု ခြိမ်းခြောက်ထားကြသည်။ အချို့အဖွဲ့များကဆိုလျှင် မဲစာရင်းပြုစုရာတွင် ပါဝင်သူများကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ဘာလုပ်ဆောင်သင့်သလဲ - နေပြည်တော်ကို လွှမ်းမိုးနိုင်စွမ်းရှိသော အနောက်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံ၊ အဖွဲ့အစည်းများသည် ရွေးကောက်ပွဲတစ်ရပ် အတင်းအကျပ် ကျင်းပခြင်းမပြုရန် စစ်တပ်ကို ဖိအားပေးသင့်ပါသည်။ ၎င်းတို့အနေဖြင့် လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် တရားမဝင်ကြောင်းကိုလည်း တစ်သံတည်းထွက်၍ စစ်တပ်ကို ဖိအားပေးသင့်သလို ရွေးကောက်ပွဲဆိုင်ရာ အကူအညီများပေးအပ်ခြင်းကိုလည်း ရပ်ဆိုင်းထားသင့်ပါသည်။ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်မူ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများအား စစ်တပ်ဆန့်ကျင်ရေး အင်အားစုများ၏ လုပ်ကြံသတ်ဖြတ်မှုများကို ပြတ်ပြတ်သားသား တားမြစ်၊ ဆန့်ကျင်သင့်ပါသည်။

ရှာဖွေတွေ့ရှိချက်အနှစ်ချုပ်

အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် လိုအပ်သော ဥပဒေနှင့် လုပ်ငန်းစဉ်အချို့ကို စတင်နေပြီဖြစ်သည်။ ကျင်းပမည့်အချိန်ကို မကြေညာသေးသည့်တိုင် ရွေးကောက်ပွဲတစ်ရပ်ကို တတ်နိုင်သမျှ အမြန်ဆုံးကျင်းပမည်ဟု စစ်ဗိုလ်ချုပ်များက ပြောဆိုထားသည်။ ယင်းသို့ပြောဆိုချက်အရ ဖြစ်နိုင်ချေ အရှိဆုံး အချိန်ကာလမှာ ယခုနှစ်နှောင်းပိုင်း နိုဝင်ဘာလဖြစ်လိမ့်မည်ဟု ယူဆရသည်။ သို့သော် အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲများ နှောင့်နှေးနိုင်ချေလည်း ရှိနေသည်။ ၂၀၂၁ အာဏာသိမ်းမှုအလွန် နိုင်ငံရေး ဖိနှိပ်မှုများကြောင့် စစ်တပ်ဦးဆောင်ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲကိုမဆို ပြည်သူ့ဆန္ဒထင်ဟပ်၍ စစ်မှန်ပြည့်ဝသော ရွေးကောက်ပွဲများအဖြစ် မသတ်မှတ်နိုင်ပေ။ အထူးသဖြင့် လူအများစုက စစ်တပ်ဦးစီးမည့် ရွေးကောက်ပွဲသည် ၂၀၂၀ပြည့်နှစ်တွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအောင်မြင်မှုကို ဖြိုလဲဖျက်ဆီးရန် ကြံစည်အားထုတ်ခြင်းဟု ရှုမြင်ကြသည်။ စစ်တပ်က အာဏာသုံး၍ ရွေးကောက်ပွဲကို အတင်းအကျပ်ကျင်းပရန် ကြိုးပမ်းမည်ဖြစ်သလို ၎င်းကိုဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့အစည်းများကလည်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်သည့်နည်းဖြင့် ဟန့်တားကြပေလိမ့်မည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲကျင်းပခြင်းသည် တည်ရှိပြီး အာဏာသိမ်းမှုအလွန် သွေးထွက်သံယိုမှုနှင့် ပဋိပက္ခကို ပိုမိုဆိုးရွားစေနိုင်သည်။ နေပြည်တော်ကို လွှမ်းမိုးနိုင်စွမ်းရှိသည့် နိုင်ငံတကာအစိုးရများအနေဖြင့် ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပခြင်းမပြုရန် စစ်တပ်ကို ဖိအားပေးသင့်ပါသည်။ အနောက်နိုင်ငံများကမူ ၎င်းတို့၏ မဟာမိတ်အာရှနိုင်ငံများနှင့် ညှိနှိုင်း၍ စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲများသည် တရားမဝင်ကြောင်းနှင့် အန္တရာယ်ရှိကြောင်းကို အတိအလင်း အခိုင်အမာ ထုတ်ဖော်ပြောဆိုသင့်သည်။ ထို့ပြင် စစ်တပ်ကို ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးမှုမျိုး လုံးဝမပြုလုပ်သင့်ပေ။ တစ်ဘက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့များက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းသည် လက်သင့်ခံနိုင်ဖွယ်ရာမရှိကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုသင့်သည်။

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့် ၂၀၂၃၊ ဖေဖော်ဝါရီ၁ရက်တွင် စစ်တပ်သည် နိုင်ငံတော်အရေးပေါ် အခြေအနေကို နောက်ထပ်သက်တမ်းခြောက်လ တိုးမြှင့်ကြောင်း အံ့အားသင့်စွာ ကြေညာခဲ့သည်။ ယင်းသို့ ကြေညာခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိပေ။ ယင်းကြောင့် ယခင်က အခြေအနေအတိုင်းသာဆိုလျှင် ယခုနှစ်၊ ဇူလိုင်လ ၃၁ရက်မတိုင်မီ စစ်တပ်ကကျင်းပဖွယ်ရှိသည်ဟု ယူဆခဲ့ကြသော ရွေးကောက်ပွဲတစ်ရပ်လည်း နှောင့်နှေးသွားပြီဖြစ်သည်။ ရွေးကောက်ပွဲကျင်းပခြင်းဖြင့် အရပ်သားအုပ်ချုပ်မှုစနစ်ကို ပြန်လည်အသက်သွင်းမည်ဟု စစ်တပ်က မကြာခဏ ပြောဆိုလေ့ရှိသော်လည်း အမှန်တကယ်တွင်မူ စစ်တပ်သည် ၎င်း၏ မြန်မာ့နိုင်ငံရေးတွင်ပါဝင်မှုအခန်းကဏ္ဍကို ပို၍သာ ခိုင်မာတည်တံ့စေရန် ဆန္ဒရှိနေသည်။ စစ်တပ်၏ နိုင်ငံရေးပါဝင်မှုနှင့် ပတ်သက်သော ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပေဒပါ ပေးထားချက်ကား မပြောင်းလဲပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ "အခြေခံမူများ"ဖြင့် စစ်တပ်သည် ၎င်း၏ "နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ"ကို အာမခံထားသည်။ အာဏာသိမ်းမှုသည် အဆိုပါဖွဲ့စည်းပုံ ပေးထားချက်ကို မြေလှန်ပစ်ရန် မဟုတ်ပေ။ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ကို နိုင်ငံရေးကြိုးဝိုင်းထဲက ဖယ်ထုတ်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်။ ထို့ပြင် အာဏာသိမ်းခြင်းက စစ်တပ်သည် ဖွဲ့စည်းပုံအရ သီးခြားခွဲဝေပေးထားသည့် နိုင်ငံတော်အာဏာကို ၎င်းနှင့် ပလဲနံသင့်သော အရပ်သားအစိုးရတစ်ရပ်နှင့်သာ မျှဝေကျင့်သုံးလိုကြောင်း ဖော်ပြချက်လည်း ဖြစ်သည်။ စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲက ၎င်းအခြေအနေ တစ်ရပ်ကို ဖန်တီးရန်သာဖြစ်ပြီး မည်သည့်နည်းနှင့်မျှ အများပြည်သူ၏ ဆန္ဒကို ထင်ဟပ်စေနိုင်မည်မဟုတ်ပေ။

ယင်းအခြေအနေကို ဖန်တီးရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွင် ပြဿနာတစ်ရပ် ရှိနေသည်။ ၎င်း၏ ပုဂ္ဂလိကနိုင်ငံရေးအကျိုးစီးပွားများသည် စစ်တပ်အင်စတီကျူးရှင်းတစ်ခုလုံး၏ ရည်မှန်းချက်များနှင့် ထပ်တူကျမနေခြင်းဖြစ်သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာအလုံးစုံကို အုပ်ချုပ်သူ တစ်ဦးတစ်ယောက်တည်းက ချုပ်ကိုင်၍မရအောင် ဒီဇိုင်းချရေးဆွဲထားသည့် အခြေခံဥပဒေဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော် အာဏာအလုံးစုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတတို့ နှစ်ဦးအကြား ခွဲဝေပေးထားပြီး လူတစ်ဦးတည်းက ယင်းနှစ်နေရာလုံးကို တစ်ပြိုင်နက် မရယူနိုင်အောင် တားဆီးထားသည်။ သို့သော် မင်းအောင်လှိုင်သည် နိုင်ငံတော် အာဏာကို အခြားသူတစ်ဦးနှင့် မျှဝေကျင့်သုံးလိုခြင်းမရှိပေ။ ထို့ကြောင့် ၎င်းအနေဖြင့် သမ္မတဖြစ်လာရန် နိုင်ငံရေး ရည်မှန်းချက်ထားပါက ၎င်းယုံကြည်စိတ်ချရသူတစ်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ၎င်းအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဆိုပါက ၎င်းစိတ်ကြိုက်ချယ်လှယ်နိုင်မည့် သမ္မတတစ်ဦးကို ခန့်အပ်နိုင်မှ ဖြစ်ပေလိမ့်မည်။ ယင်းသို့ပြုလုပ်ရန်မှာ ၎င်းအနေဖြင့် စစ်တပ်၏ နိုင်ငံရေးလက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အပြည့်အဝထိန်းချုပ်ရန် လိုအပ်လာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုပါက ပြည်ခိုင်ဖြိုးပါတီသည် စစ်တပ်ဦးစီးကျင်းပသည့် ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရန် အလားအလာအကောင်းဆုံး ဖြစ်နေသည်။ နိုင်ငံတော်အရေးပေါ် အခြေအနေကို ထပ်မံ၍ သက်တမ်းတိုးခြင်းနှင့် ယင်းကြောင့် ရွေးကောက်ပွဲနှောင့်နှေးသွားခြင်းတို့က မင်းအောင်လှိုင်အနေဖြင့် ရွေးကောက်ပွဲအလွန် ၎င်း၏နိုင်ငံရေးအိပ်မက်များ ပျက်ပြယ်သွားမည်ကို စိုးရိမ်ကြောင်း ပြသနေသည်။ အရေးပါသည့် ထိပ်တန်းစစ်ဘက် ရာထူးအတွက် (စစ်တပ်အတွင်း) ကြီးမားသောအားပြိုင်မှုရှိသည်ကို ၎င်းက သိနေသဖြင့် ပြည်တွင်းပဋိပက္ခနှင့် မတည်ငြိမ်မှုထက်စာလျင် ယင်းအခြေအနေကြောင့် (တပ်မတော်အပေါ် တန်ပြန်သက်ရောက်နိုင်သည်ဖြစ်ရာ) ကျင်းပရန်ရှိသော ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရခြင်းက ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ၎င်းက ယူဆထားဟန်ရှိသည်။

ပြင်ဆင်ရန် အချိန်အလုံအလောက်ရှိလျှင်ပင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန်မှာ အာဏာသိမ်းစစ်တပ်အတွက် အလွန်ကြီးမားသော စိန်ခေါ်မှုများရှိနေသည်။ ပြည်သူများအကြား စစ်တပ်ဦးဆောင်မည့် ရွေးကောက်ပွဲအပေါ် အယုံအကြည်မရှိ ဖြစ်နေစဉ်တွင် ရွေးကောက်ပွဲတစ်ရပ် အောင်မြင်ရန်ဆိုလျှင် စစ်တပ်က အာဏာသုံး၍ မဲလုပ်ငန်းစဉ်များကို အတင်းအကျပ် အကောင်အထည်မှ ရတော့ပေမည်။ ဥပမာအားဖြင့် စစ်တပ်အုပ်စိုးမှု အားကောင်းသော ဒေသများကို ပို၍တည်ငြိမ်အောင် ဆောင်ရွက်ပြီး ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ပစ်မှတ်များအား ကာကွယ်ပေးရုံမက မဲရုံဝန်ထမ်းများ၊ ပြည်သူအများ၊ မဲဆန္ဒရှင်များကို ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် မဖြစ်မနေပါဝင်လာအောင် ခြိမ်းခြောက်၊ အကျပ်ကိုင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲကို ရသည့်နည်းလမ်းဖြင့် တားမြစ်ရန် သန္နိဋ္ဌာန်ချထားသည့် စစ်တပ် ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များကလည်း ၎င်းတို့ဆိုထားသည့်အတိုင်းပင် လုပ်ဆောင်နေသည်။ ဥပမာအားဖြင့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် ပါဝင်ကူညီသူအချို့ကို လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များဖြစ်သည်။ စစ်တပ်ကသာ ရွေးကောက်ပွဲကို အတင်းအကျပ် အင်အားသုံးကျင်းပရန် ကြိုးပမ်းလာပါက ရွေးကောက်ပွဲအကြိုကာလ တစ်လျှောက်တွင် သွေးထွက်သံယိုမှုနှင့် မတည်ငြိမ်မှုများကို ပိုမိုမြင်တွေ့လာရဖွယ်ရှိသည်။

ထိုအခြေအနေက NUG အစိုးရကို ရွေးရခက်သောလမ်းနှစ်ခွသို့ တွန်းပို့နေသည်။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် ပင်မနိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် NUG အစိုးရသည် အများပြည်သူကို မဲလုပ်ငန်းစဉ်တွင် ပူးပေါင်းခြင်းမပြုရန် လှုံ့ဆော်ခြင်း၊ စစ်တပ်ကိုကူညီသူများအား ရှုတ်ချခြင်းတို့ဖြင့် စစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဖော်ပြလိုသည်။ သို့ရာတွင် NUG၏ ရွေးကောက်ပွဲဆန့်ကျင်ရေး သဘောထား၊  ရပ်တည်ချက်ကို အချို့သော စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များက ရွေးကောက်ပွဲပစ်မှတ်များအား တိုက်ခိုက်ရမည်ဟု အကောက်ယူကာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နိုင်သည်။ ရွေးကောက်ပွဲပစ်မှတ်များ တိုက်ခိုက်ခံရမှု မြင့်တက်လာပါက စစ်တပ်နှင့် ၎င်းကိုအားပေးထောက်ခံသည့် နိုင်ငံအချို့ ( စစ်တပ်နှင့် နဂိုမူလ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ဆန္ဒရှိသည့် နိုင်ငံများ) အနေဖြင့် အတိုက်အခံ လက်နက်ကိုင် အင်အားစုများသည် အကြမ်းဖက်သမားများဖြစ်သည်ဟု ပုံဖော်နိုင်သည်။ NUG အစိုးရသည် စစ်တပ်ကို ဆန့်ကျင်သော အင်အားစုအများအပြားကို အမိန့်ပေးကွပ်ကဲနိုင်စွမ်းမရှိသည့်တိုင် စစ်တပ်ဆန့်ကျင်ရေး ဦးသျှောင်အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါအင်အားစုများ၏ ရွေးကောက်ပွဲပစ်မှတ်များ အပေါ် တိုက်ခိုက်မှုမြင့်တက်လာပါက NUG အစိုးရ၏ ဂုဏ်သိက္ခာအပိုင်း ထိခိုက်လာနိုင်သည်။ ထို့ကြောင့် NUG အစိုးရအနေဖြင့် စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရာတွင် လက်နက်ကိုင်အင်အားစုများ လိုက်နာရမည့် အခြေခံမူများကို အမြန်ဆုံးထုတ်ပြန်သင့်ပြီး ရွေးကောက်ပွဲဆိုင်ရာပစ်မှတ်များကို တိုက်ခိုက်၊ သတ်ဖြတ်ခြင်းမပြုကြရန် အတိအလင်း ကြေညာသင့်သည်။

မည်သည့်နိုင်ငံတကာအစိုးရနှင့် ရွေးကောက်ပွဲထောက်ပံ့ရေး အဖွဲ့အစည်းကမျှ စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲကို မကူညီသင့်ပေ။ ကူညီလိုက်ပါက စစ်တပ်က ထိုအချက်ကိုနင်း၍ ၎င်းကျင်းပသည့် ရွေးကောက်ပွဲသည် တရားဝင်ဖြစ်ကြောင်း ကြေညာလိမ့်မည်။ လက်ရှိအခြေအနေတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် လုံးဝမဖြစ်နိုင်ကြောင်း နိုင်ငံတကာအစိုးရများက လူသိရှင်ကြား ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကြေညာသင့်သည်။ အနောက်နိုင်ငံများသည် ထိုအချက်ကို လက်ခံထားပြီးသား ဖြစ်ဟန်ရှိသည်။ သို့သော် အာရှနိုင်ငံအချို့ကမူ ရွေးကောက်ပွဲကျင်းပခြင်းသည် လက်ရှိလက်နက်ကိုင်ပဋိပက္ခကိုဖြေရှင်းရန် နိုင်ငံရေးထွက်ပေါက်တစ်ရပ်အဖြစ်ရှုမြင်ပြီး ရွေးကောက်ပွဲမှ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သော နဂိုမူလအခြေအနေ ပြန်ရောက်အောင် ကြိုးပမ်းခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။

အနောက်နိုင်ငံအစိုးရများသည် အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ)အသင်းနှင့်သာမက ၎င်း၏လက်ရှိ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံတို့နှင့်ပါ လက်တွဲ၍ စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲမှာ ပြည်တွင်း ပဋိပက္ခကို ပိုမိုဆိုးရွားစေနိုင်ကြောင်းနှင့် တရားဝင်မှုမရှိကြောင်း နိုင်ငံအများအပြား ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာအောင် စည်းရုံးသင့်ပါသည်။ အထူးသဖြင့် မိမိအကျိုးစီးပွားအပေါ်မူတည်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် အတိုင်းအတာတစ်ခုအထိ အဆက်အဆံရှိနေသေးသည့် ဂျပန်နှင့် အိန္ဒိယနိုင်ငံများအနေဖြင့် စစ်တပ်ပြင်ဆင်နေသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပိုမိုခိုင်မာသော မူဝါဒများချမှတ်သင့်ပြီး အာဏာသိမ်းစစ်တပ်နှင့် ရေလိုက်ငါးလိုက် ဆက်ဆံနေခြင်းက ၎င်းတို့နှင့် ဒေသတွင်းက မဟာမိတ်အစုအဖွဲ့၊ နိုင်ငံများအကြားလည်းကောင်း၊ အနောက်နိုင်ငံများနှင့် လည်းကောင်း မိတ်ပျက်စေနိုင်သည်ကို သတိပြုသင့်ပါသည်။ ၂၀၂၃တွင် ဂျပန်သည် ဖွံ့ဖြိုးပြီးနိုင်ငံများအစုအဖွဲ့ G7၏ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး အိန္ဒိယက G20အဖွဲ့ ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည်။  ယင်းနှစ်နိုင်ငံလုံးက ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုအခြေအနေကို အသုံးချ၍ ရွေးကောက်ပွဲကျင်းပရန် အတင်းအကျပ်ကြိုးပမ်းခြင်းသည် ဆိုးကျိုးများသာဖြစ်စေနိုင်သဖြင့် ကျင်းပခြင်းမပြုရန် နေပြည်တော် (စစ်တပ်)ကို ဖိအားပေးသင့်ပါသည်။ အနောက်နိုင်ငံများကမူ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့အား ရွေးကောက်ပွဲ၏ လုံခြုံရေးဆိုင်ရာ ဖြစ်နိုင်ချေ အန္တရာယ်များအပေါ်  မြန်မာစစ်တပ်ကို ပို၍ပြောရဲဆိုရဲဖြစ်လာအောင် တိုက်တွန်းနှိုးဆော်သင့်သည်။ လက်ရှိတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်တစ်နိုင်ငံဖြစ်နေသည့် ဂျပန်နိုင်ငံအနေနှင့်လည်း လုံခြုံရေးကောင်စီမှ တစ်ဆင့် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သင့်သည်။ ၂၀၂၂၊ ဒီဇင်ဘာလတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုများ ရှိသည့်တိုင် လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။

ယေဘုယျအားဖြင့်ဆိုသော် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအတွင်းက မြားမြောင်လှသော ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးပမ်းသင့်ပါသည်။ ဖြေရှင်းနည်းတစ်ခုမှာ စစ်တပ်နှင့် ၎င်း၏အကျိုးစီးပွားများကို ဆက်လက်၍ ပစ်မှတ်ထား အရေးယူပိတ်ဆို့ခြင်းဖြစ်သည်။ အထူးသဖြင့် အာဏာသိမ်းမှုအလွန်တွင် စစ်တပ်ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဖိနှိပ်မှုများအပြင် ရွေးကောက်ပွဲကို အတင်းအကျပ်ပြုလုပ်ရန် ကြိုးပမ်းရာတွင် ပါဝင်သော တာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်တပ်ခေါင်းဆောင်များကိုပါ အရေးယူပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ်မှုဘောင်ကို ချဲ့ထွင်သင့်ပါသည်။ စစ်တပ်ပိုင် ကုမ္ပဏီများ၊ ၎င်းတို့နှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများကိုလည်း ချန်လှပ်မထားသင့်ပေ။ ရွေးကောက်ပွဲ အောင်မြင်ရေးအကြောင်းပြပြီး ဖိနှိပ်အကျပ်ကိုင်မှုများ၊ ခြိမ်းခြောက်မှုများသည် ဒဏ်ခတ်ပိတ်ဆို့ခံရရန် လုံလောက်သော အကြောင်းပြချက်များဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြတ်သားစွာ ထုတ်ပြန် ကြေညာသင့်သည်။ နိုင်ငံတကာအလှူရှင်များ အနေဖြင့် မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို ဖြစ်နိုင်ပါက တိုးမြှင့်ပေးအပ်သင့်သည်။ ထို့ပြင် မြန်မာပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးလမ်းကြောင်း တိုးတက်ရေး စသည့် ရေရှည်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များတွင်လည်း ကူညီသင့်ပါသည်။ လက်ရှိတွင် မြန်မာပြည်အတွင်းသို့ လူသားချင်းစာနာမှု အထောက်အပံ့များ ပေးပို့ရန်မှာ အလွန်တရာ ခက်ခဲလှသည်။ ပြည်တွင်းက ဒေသန္တရအဖွဲ့အစည်းများ၊ ၎င်းတို့၏ မိတ်ဖက်အဖွဲ့အစည်းများ လုပ်ရကိုင်ရလွယ်ကူစေရန် အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ရန်ပုံငွေများ ထောက်ပံ့ရာတွင် ပြောင်းလွယ်ပြင်လွယ်သည့် မူဝါဒများ ကျင့်သုံးသင့်ပါသည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော်၍ ပေးပို့နိုင်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း လုံလုံလောက်လောက် ထောက်ပံ့ပေးသင့်ပါသည်။

ဘန်ကောက်၊ ဘရပ်ဆဲလ်

၂၀၂၃၊ မတ်လ၊ ၂၈ရက်

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.